မြင်းခြံနာရီစင်အနီးတွင် စိတ်ကျန်းမာရေးချို့ တဲ့သူ၂ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်၊ ၁ ဦး သေဆုံးဟုဆို

မြင်းခြံမြို့နာရီစင်အနီးတွင် မတ်လ ၉ ရက်နေ့ ညက စိတ်ကျန်းမာရေးချို့တဲ့သူနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။
မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်က မြင်းခြံမြို့တွင်းလျှောက်သွားနေသည့် စိတ်ကျန်းမာရေးချို့တဲ့သူနှစ်ဦးသည် နာရီစင်အနီးရောက်ရှိလာစဉ် ကင်းပုန်း၀ပ်နေသောစစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
” နာရီစင်ဘက်မှာ လူနှစ်ယောက်အပစ်ခံရတယ်ဆိုလို့ ဘယ်သူတွေများလည်းမှတ်တယ်။ စိတ်မနှံ့သူတွေဖြစ်နေတယ်။ အပစ်ခံရတာက ညကြီးမိုးချုပ်ဆိုတော့ မနက်ကျမှ ဒီအကြောင်းတွေသိရတာ” ဟု မြင်းခြံမြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူသည် မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားရှေ့တွင် သီချင်းသီဆိုကခုန်နေလေ့ရှိသော စိတ်ကျန်းမာရေးမကောင်းသူဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကထုတ်ပြန်ထားသည်။
” တစ်ယောက်က အသက် ၃၆ နှစ်၊ နောက်တစ်ယောက်တော့အသက်မသိဘူး။ ၃၆ နှစ်အမျိုးသားက အပစ်ခံရတော့ သေတယ်။ နောက်တစ်ယောက်က ဒဏ်ရာရပြီးအဖမ်းခံရတယ်။ ဆေးရုံပို့ထားတုန်း မနက်ကထွက်ပြေး သွားတယ်လို့ ဆေးရုံဘက်ကနေပြန်သိရတယ်”ဟု နောက် ထပ် ဒေသခံတစ်ဦးကပြောသည်။
မန္တလေးတိုင်း မြင်းခြံမြို့တွင် ည ၈ နာရီနောက်ပိုင်းအပြင်ထွက်ပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု စစ် ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး မြို့တွင်းဆိုင်ကယ်စီးလျှင် ယောက်ျားလေးများနှစ်ယောက်မစီးရန်၊ မိန်းကလေးမောင်းသည့်ဆိုင်ကယ်နောက်မှယောက်ျားလေးမစီးရန်၊ ယောက်ျားလေးမောင်းသည့်ဆိုင်ကယ်နောက်မှ မိန်းကလေးနှစ်ယောက်လိုက်မစီးရန် စသည့်ကန့်သတ်ပိတ်ပင်မှုများလည်း ပြုလုပ်ထားကြောင်း ဒေသခံများထံမှသိရသည်။ mizzima