မြင်းမူတွင် စစ်တပ်က ပြည်သူ ၄ ဦးကို သတ် ဖြတ်ပြီး မြစ်ထဲမျှောလိုက်သည့် ရုပ်အလောင်းတချို့ ပြန်တွေ့ ၊ ပေါက်မြို့နယ်တွင်လည်း စစ် တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို မြစ်ထဲမျှော ဖျောက်ဖျက်ခဲ့ရာ ယင်းရုပ်အလောင်းများကို ပြန်လည် တွေ့ရှိရကြောင်း မြင်းမူမြို့နယ် သတင်းမှန် ပြန် ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီခန့် တွင် အကြမ်းဖက် စစ်တပ်က မြင်းမူမြို့ နယ် လက္ကပင်ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ လက္ကပင်ကျေးရွာ တောင်ပိုင်း ဘုရားကြီးကျောင်းတိုက်အတွင်းရှိ စစ်ဘေးရှောင်လာသည့် ပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့​ပြီး မတ်လ ၆ ရက်နေ့တွင် အဆိုပါ ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကို ဧရာဝတီမြစ်အတွင်းသို့ မျှောကာ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၆ ရက်နေ့တွင် လက္ကပင်ကျေးရွာသား ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းကို ဧရာဝတီ မြစ်အတွင်းသို့ မျှောကာ ဖျောက်ဖျက်ခဲ့ကြောင်း၊ ယင်း ရုပ်အလောင်းကို မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

” မတ်လ ၅ ရက်နေ့မှာ အခြားရွာက စစ်ဘေးရှောင်လာတဲ့ ပြည်သူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်တပ်က သတ်လိုက်ပြီးတော့ မတ်လ ၆ ရက်နေ့မှာ အလောင်းတွေကို မြစ်ထဲ မျှောလိုက်တယ်လို့ ဒေသခံ ရွာသားတွေ ထံကသိရပါတယ်။ မတ်လ ၆ ရက်နေ့မှာ လက္ကပင်ရွာသား ဓားစာခံအဖြစ်အဖမ်းစီးခံရသူကို မြစ်ဆိပ်ဘက်ခေါ်သွားပြီး စစ်သားတွေပြန်လာတော့ ရွာသားကပါမလာခဲ့ဘူး။မတ်လ ၉ ရက်နေ့မှာ မြစ်ဆိပ်ကို ခေါ်ဆောင်သွားခံရတဲ့ ကျေးရွာသားရဲ့ ရုပ်အလောင်းကို ရွှေပေါက်ပင်ရေလယ်ကျွန်းသောင်အစပ်မှာပေါ်နေတာတွေ့ရတယ်။ နံကြားမှာ ဓားနဲ့ တစ်ချက်၊လည်ပင်းကို ဓားနဲ့လှီးထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပေါ်လာတာ တွေ့ရပါတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က မြင်းမူမြို့နယ်၊ လက္ကပင်ရွာသား ၄ ဦးကို ဓားစားခံ အဖြစ် ဖမ်းဆီးသွားခဲ့ပြီး လက်ရှိချိန်အထိ ဖမ်းဆီးခံရသူ ၄ ဦး သတင်းကို အစအန မရရှိတော့ကြောင်း ၊ စစ်တပ်က ဝမ်းပြည့်ကျေးရွာ၊ အလ္လကပ္ပ နှင့် မြောင်လမ်းခွဲ အထိုင်တပ်သို့ နေရာခွဲကာ သွားရောက်နေကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပေါက်မြို့နယ် ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ဝန်းမြောက်စုကျေးရွာကို လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်၍ အသက် ၇၉ နှစ်အရွယ် ဒေါ်သောင်းရင် နှင့် အသက် ၆၉ နှစ်အရွယ် ဒေါ်ထွေးတို့ သေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များက ညောင်ဝန်းမြောက်စု၊ ညောင်ဝန်းတောင်စု၊ ရွာသာအေး၊ ဝက်မှီးကျေးရွာများ အထိ ကျရောက်ခဲ့ပြီး ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ်က ကျေးရွာအနီးရှိ ကာ ကွယ်ရေး တပ်ဖွဲ့တစ်ခု၏ ကင်းစခန်းကို စီးနင်းကာ ၇.၆၂ ကျည် ၁၀၀ခန့်၊AK ကျည် ၁၅၀ခန့်၊ ၅.၅၆ကျည် ၂၀၀ ခန့်၊ လက်လုပ်သေနတ် ၅ လက်၊ ဖုန်းတစ် လုံး၊ ကျည်ဘောက်တစ်ခု၊မိုင်းများ၊ လက် နက်ကြီးများ၊ လက်နက်ကြီးအဖူးများကို သိမ်းဆည်းခဲ့ပြီး တန်ဖိုးငွေ သိန်းပေါင်း ၁၅၀ ခန့်ဆုံးရှုံးခဲ့ကြောင်း ပေါက်မြို့နယ် တပ်ရင်း ၄ ထံမှ သိရသည်။

မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က အောက်ကျင်းရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာသား ကိုဝင်းစိုးနှင့် နံသာရွာသား ၁ ဦးကို ထပ်မံသတ်ဖြတ်သွားကြောင်း၊ ယင်းစစ်ကြောင်းသည် လက်ရှိချိန်တွင် ပျဥ်းချောင်းရွာအနီးတွင် ရှိနေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s