အင်းတော်တွင် CDM ကျောင်းဆရာမ အပါ အဝင် ၃ ဦးကို အကြမ်းဖက် ဥပဒေဖြင့် စစ်ကောင်စီ အမှုဖွင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့က CDM ကျောင်းဆရာမတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်လိုက်ကြောင်း ဒေသခံသတင်း ရင်းမြစ်ထံမှ သိရသည်။
အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ CDM ပြုလုပ်ထားသော အသက် ၃၉ နှစ်ရွယ် အလယ်တန်းပြဆရာမ ဒေါ်သိန်းလှ၊ သာမန်စီးပွားရေး လုပ်ကိုင်နေသော အသက် ၄၄ နှစ်အရွယ် ဒေါ်အေးအေးနှင့် ဒေါ်ခင်ပြည့်ပြည့်ထွန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် မတ်လ ၁၀ ရက်နေ့တွင် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
“CDM ကျောင်းဆရာမ အပါအဝင် အမျိုးသမီးသုံးယောက်က ၅၂ (က) ၊ ၅၀(ည) အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတယ်။ PDF တွေကို ထောက် ပံ့နေတယ်ဆိုပြီး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးထိန်းသိမ်း ခံထားရသော CDM ဆရာမ ဒေါ်သိန်းလှအပါအဝင် အမျိုးသမီး သုံးဦးကို အင်းတော်မြို့ စစ်ခုံရုံးက ယခုလို အမှုဖွင့်တ ရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ရှေ့နေငှားရမ်းခွင့်လည်း မရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
အင်းတော်မြို့တွင် မတ်လ ၃ ရက်နေ့က လူငယ်နှစ်ဦးအား PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ယင်းနောက်ဆက်တွဲ မတ်လ ၄ ရက်နေ့နှင့် မတ်လ ၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က မြို့တွင်း၌ စစ်ကားများဖြင့် လှည့်ပတ်ကာ အရပ်သားပြည်သူ ၂၀ ဦး ထက်မနည်းကို ထပ်မံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ယင်းအနက် CDM ဆရာ သုံးဦးလည်း ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီးခံ CDM ဆရာမ သုံးဦးအနက် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း CDM ဆရာမ ဒေါ်သိန်းလှကို အခြားသာမန်စီးပွားရေးလုပ်ကိုင်နေသည့် အမျိုးသမီး နှစ်ဦးနှင့်အတူ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
“မတ်လ ၃ရက်၊ ၄ရက်၊ ၅ရက်နေ့တွေမှာ ဆက်တိုက်အဖမ်းခံရတာ။ ပြန်လွတ်တဲ့ဆရာမတွေက တစ်နေ့တုန်းက လွတ်တာပါ။ အဲဒီရက်ပိုင်းတုန်းက အဖမ်းခံရတာ အားလုံးပေါင်း နှစ်ဆယ်ကျော်တယ်ဗျ ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဖမ်းဆီးခံရသူ ၂၀ ဦးအနက် ငါးဦးခန့်သာ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး ကျန်ဒေသခံများမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကာ အချို့ကို မိသားစုနှင့် ပေးတွေ့သော်လည်း အများစုမှာ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ခွင့်မရကြကြောင်း စုံစမ်းသိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ ကိုမင်းမင်းဦး (ခ) ကိုလမင်းကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ အင်းတော်မြို့စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။
ယင်းအပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း အင်းတော်မြို့ပေါ်သို့ အလှပြင်ပစ္စည်းဝယ်ယူရန်သွားသော မနွေနွေကိုအား စစ်ကောင်စီက ဖမ်း ဆီးထိန်းသိမ်းခဲ့သည်။
ထို့ပြင် အင်းတော်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှု နှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့အဖြစ် ပြုလုပ်နေသော အသံတိတ်သ ပိတ်အား ဓာတ်ပုံရိုက်ယူနေသော ဦးလှအောင်ကိုလည်း မြို့ပတ်ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။
၎င်းတို့နှစ်ဦးသည်လည်း ယနေ့ မတ်လ ၁၁ ရက်နေ့အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း Indaw Revolution- IR ထံမှ သိရသည်။ mizzima