အုတ်ဖိုမြို့နယ် ပျူစောထီးခေါင်းဆောင် ၏ နေအိမ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်သားများအထိုင်ချထားသော ရာအိမ်မှူးပျူစောထီးခေါင်း ဆောင် ဦးမျိုးဝင်း၏ နေအိမ်ကို မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ခန့်က သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄ )နှင့် တပ်ခွဲ(၅) တို့ပူးပေါင်း၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တပ်ခွဲ (၄ )၏ တပ်ခွဲမှူးမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဦးမျိုးဝင်းသည် ၎င်း၏မိသားစုများအား အုတ်ဖိုမြို့အခြေစိုက် ခမရ (၆) တပ်ထဲသို့ ပြောင်းရွေ့နေထိုင်စေပြီး ထန်းပင်ကုန်းရွာရှိ ၎င်း၏နေအိမ်ကိုမူ စစ်ကောင်စီတပ်၏ ကင်းစခန်းအဖြစ် အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

“လက်လုပ် ၄၀ မမ တွေနဲ့ ရှစ်ချက်လောက်သွားပစ်ခဲ့တာပါ၊ အဲ့နေ့ညက အိမ်မှာ မျိုးဝင်းရှိမရှိကတော့ မသေချာဘူး၊ ဒါပေမယ့် စစ်ကောင်စီတပ်သား ဆယ်ယောက်ကျော်ရှိတယ်၊ CDM သူနာပြုဆရာမလေးရဲ့ အလောင်းကို ပြန်ရှာတွေ့တာကလည်း ထန်းပင်ကုန်းရွာမှာပါပဲ၊ အစပိုင်းတော့ ပစ်ပစ်ချင်း သူတို့ ကြောက်လန့်ပြီးထွက်ပြေးကြတယ်၊ ပြီးတော့မှ သတိပြန်ဝင်ပြီး ပြန်ပစ်ကြတယ်၊ အပြန်အလှန်ပစ်ကြတော့ ကျွန်တော်တို့ဘက်က လက်နက်အင်အားအရ ပြန်ဆုတ်လာခဲ့လိုက်ကြပါတယ်” ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) ၏ တပ်ခွဲမှုးက ပြောသည်။

ပစ်ခတ်ခဲ့သော ၄၀ မမ လက်နက်များသည် ပျူစောထီးခေါင်းဆောင် ဦးမျိုးဝင်း၏ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အတွင်းမှ အော် သံတွေလည်း ကြားရသည့်အတွက် အထိအခိုက်ရှိနိုင်ကြောင်းခန့်မှန်းပြီး ထိခိုက်မှုနှင့်ပတ်သက်၍ အတိအကျ မသိရသေးကြောင်း ပြောသည်။

လက်ရှိတွင် ထန်းပင်ကုန်းရွာရှိ ပျူခေါင်းဆောင် ဦးမျိုးဝင်း၏နေအိမ်၌ စစ်ကောင်စီတပ်သား ၆၀ ကျော်ရောက်ရှိနေပြီး စစ်ကားများလည်း ရောက်နေသည်ဟု တပ်ခွဲမှူး၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ပြည်သူတွေ စစ်ကောင်စီတပ်သားတွေ စစ်ကောင်စီလက်အောက်ခံတွေနဲ့ ဝေးဝေးနေကြဖို့နဲ့၊ နောက်တစ်ခုက အုတ်ဖိုမြို့နယ်အပါအဝင် သာယာဝတီခရိုင်အတွင်းမှာ ချေးငွေပြန်မဆပ်ရင် လယ်သိမ်းမယ်ဆိုပြီး စိုက်ဘဏ်တွေကခြိမ်းခြောက်စာထုတ်ထားတော့ ဘဏ်ဝန်ထမ်းတွေအနေနဲ့လည်း ပညာတတ်တွေဖြစ်တာကြောင့် စစ်ကောင်စီကခိုင်းတိုင်း လျှောက်လုပ်ပြီး တောင်သူတွေကို ဒုက္ခမပေးဖို့ သတိပေးချင်ပါတယ်” ဟု တပ်ခွဲ(၄)၏ တပ်ခွဲမှူးမှ ပြောသည်။

အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေယူထားသော တောင်သူများအနေဖြင့် ၂၂. ၂. ၂၀၂၃ နောက်ဆုံးထား၍ ပြန်ဆပ်ရန်နှင့် ပြန်မဆပ်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လယ်တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ငွေ ၁၀၀ ကျပ်ကို အတိုးပြား ၈၀ သာပေးရသည့် စိုက်ပျိုးစရိတ်ချေးငွေများကို စစ်ကောင်စီမှ အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ရန် ရပ်ဆိုင်းကြောင်း NUGအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦး တင်ထွန်းနိုင် လက်မှတ်ထိုးထုတ်ပြန်ခဲ့ပြီး တောင်သူများမှလည်း စစ်ကောင်စီ၏ အကြမ်းဖက်အားပေး မဖြစ်ရလေအောင် ပြန်ဆပ်ရန် ဆိုင်းငံ့ထားကြခြင်းဖြစ်သည်။

အုတ်ဖိုမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော မြေအောက်ပြောက်ကျားတပ်ဖွဲ့ − အုတ်ဖို တပ်ခွဲ (၄) နှင့် တပ်ခွဲ (၅) တပ်ဖွဲ့များသည် အမျိုး သားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ၏ လက်အောက်ခံ တပ်ခွဲများဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s