စက်သုံးဆီသုံးစွဲမှု ကန့်သတ်လိုက်ပါက ဈေး နှုန်း မြင့်တက်လာနိုင်

စက်သုံးဆီသုံးစွဲမှုအား ကန့်သတ်လိုက်ပါက လက်ရှိစက်သုံး ဆီစျေးနှုန်းထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုများအား စိစစ်ခွင့်ပြုသွားမည်ဟု စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ စိုးဝင်းက ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စက်သုံးဆီစျေးက လက်ရှိမှာတောင် ၂,၀၀၀ကျော်နေတာ။ စကစဘက်ကနေ ဆီတင်သွင်းခွင့်တွေ၊ သုံးစွဲခွင့်တွေကို ကန့်သတ်ပြီးမှ စိစစ်ခွင့်ပြုလိုက်မယ်ဆိုရင် စျေးကအရမ်းတက်သွားမှာ။ နောက်တစ်ခုက တင်သွင်းခွင့်မှာလည်း နိုင်ငံခြားငွေလဲလှယ်မှုတွေလည်း အခက်တွေ့နိုင်တယ်” ဟု နေပြည်တော်ရှိ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စက်သုံးဆီစျေးနှုန်းသည် ကမ္ဘာ့တစ်ဝန်း ဈေးနှုန်းမြင့်တက်နေသည့် အခြေအနေကြောင့် ပြည်ပက မှာယူတင်သွင်းရာတွင် ဈေးနှုန်းကြီးမြင့်နေသည့်အတွက် အသုံးစရိတ်မြင့်မားခြင်းကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုအား တက်နိုင်သမျှ လျှော့ချသုံးစွဲကြရန် စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ စိုးဝင်းက ပြောဆိုခဲ့သည်။
ထို့အပြင် ယခုဘဏ္ဍာနှစ်တွင် စက်သုံးဆီသုံးစွဲမှုများအား စစ်အုပ်ချုပ်မှုအတွက်နှင့် လုပ်ငန်းသုံးများအတွက်ပါ စိစစ်ခွင့်ပြုသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၂,၁၀၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၁၉၀ ကျပ် ၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၁၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၁၉၀ ကျပ်ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ဈေးနှုန်းများမှာ ရည်ညွှန်းဈေးနှုန်းများသာဖြစ်ပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုများရှိနေမည် ဖြစ်သည်။mizzima