ညောင်လေးပင်ခရိုင်၌ ရွာသား ၁၃၀၀ ကျော် စစ်ဘေးရှောင်၊ စစ်တပ်က ဒရုန်းပစ်ချသဖြင့် ကလေးငယ်အပါ ၂ ဦးထိမှန်

ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ လူအကျေးရွာအတွင်းကို မတ် ၁၁ မနက် ၁၂ နာရီလောက်က စစ်ကောင်စီတပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချခဲ့တဲ့အတွက် ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦးထိမှန်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၁၃၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေက လူအကျေးရွာအတွင်းကို ဒရုန်းနဲ့လက်နက်ကြီးပစ်ချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံကလေးငယ် စောအယ်ခူစိုး (၁၄နှစ်)၊ စောပြည့်စုံ (၄၅)နှစ်တို့ နှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မနက် ၇ နာရီလောက်ကလည်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းကို စစ်ကြောင်ထိုးဝင်ရောက်ရာမှာ လက်နက်ကြီနဲ့ပစ်ခတ်ခဲ့တဲ့အတွက် စစ်တောင်းမြစ်ကမ်းနံဘေးက ရေလဲအနောက်ဘက်ကမ်းကျေးရွာအတွင်းကို လက်နက်ကြီးကျည် ၁၀ လုံးနဲ့ ရွာအပြင်ကို ၁၆ လုံး၊ သင်္ကန်းပင်ကျေးရွာအတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ညောင်ပင်ကြီး၊သိုက်တူကုန်း၊ သင်္ကန်းပင်၊ ရေလဲအနောက် ၊ လူအ စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၃၀၀ ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတစ်ဦးက “လောလောဆယ် ဘယ်ရွာတွေဆိုတာ စာရင်းလိုက်ကောက်နေတုန်း။ အိမ်ခြေနဲ့ လူဦးရေက တနေရာတည်းမဟုတ်တဲ့အတွက် အခက်အခဲရှိတယ်။ တချို့ရွာတွေက စစ်ဘေးရှောင်နေရတဲ့သူတွေလည်း အခုထပ်ပြီး စစ်ဘေးရှောင်နေရတယ်”လို့ ပြောပါတယ်။
ညောင်လေးပင်ခရိုင်အတွင်းကို စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးနိုင်ဖို့အတွက် အင်အားဖြည့်တင်းပြီး ကျေးရွာတွေအတွင်းကို စစ် ကြောင်း ထိုးဝင်ရောက်လာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး၊ ရွှေကျင်၊ မုန်းမြို့နယ်အတွင်းက အိမ်ထောင်စု ၂၃၀၀ ကျော် ဒေသခံပြည်သူ ၁၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာ ပိုမိုများပြားလာတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေဟာ ထပ်မံစစ်ဘေးရှောင်နေရတာတွေကြောင့် စာရင်းကောက်ယူရာမှာ အ ခက်အခဲတွေလည်းရှိနေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။DVB