ဖားကန့်တွင် ကေအိုင်အေနှင့်PDF တပ်ဖွဲ့ဝင် ၄ဦးကို စစ်ကောင်စီဖမ်းဆီးဟုဆို

ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)၊PDF ပူးပေါင်းတပ်ဖွဲ့ဝင် လေးဦးနှင့် အရပ်သားပြည်သူငါးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ မတ်လ ၁၁ရက် နေ့လည်က ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာမှ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ပိတ်ဆို့ဖမ်းဆီးသွားခြင်းဟုဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မဇ္ဈိမကို ပြောသည်။
“သတင်းအတိအကျ ရထားတဲ့ပုံစံပဲ။ယဉ်ကျေးမှုရုံးထဲမှာ အစည်းအဝေးလုပ်နေတဲ့ချိန် စစ်တပ်က တစ်ခါတည်းဝိုင်းပြီး ဖမ်းသွားတာဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းဖားကန့် သတင်းရင်းမြစ်က ပြောသည်။
ဖားပြင်ကျေးရွာကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ စစ်ကောင်စီတပ်သားများက ကားလေးစီးဖြင့် သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး အစည်းအ ဝေးလုပ်နေသူများအပြင် ရုံးစောင့်အမျိုးသားကိုလည်း ဖမ်းခေါ်သွားသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
“ဖမ်းသွားတဲ့ထဲမှာတော့ ဒီကဒေသခံတွေပိုများတယ်။ လောပန်းတချို့လည်း ပါသွားတယ်လို့ ပြောတယ်။ ရိုးရာရုံးစောင့်တဲ့ အစောင့်ကိုလည်း သူတို့ခေါ်သွားတော့ အတိအကျပြန် ပြောဖို့ခက်နေသေးတယ်” ဟု သတင်းရင်းမြစ်က ဆက်ပြောပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖားပြင်ကျေးရွာကချင်ရိုးရာယဉ်ကျေးမှုခြံဝင်းထဲရှိ Landcruiser ကားအဖြူရောင်တစ်စီး၊ Klugerကား အနက်ရောင်တစ်စီးနှင့် Wish အဖြူရောင်တစ်စီးကိုလည်း သိမ်းယူသွားသည်ဟု သိရသည်။ထို့အပြင် ဖားပြင်ကျေးရွာအပါအဝင် ဖားကန့်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ်များတွင် လိုက်လံစစ်ဆေးမှုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
အခုရက်ပိုင်းတွင် ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေပြီး နေရာအနှံ့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သ တင်းရရှိသည်။ ယခုသတင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရရှိသေးပေ။ ကေအိုင်အိုဗဟိုကော်မတီထံဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။ mizzima