ရင်းငြိမ်ရဲစခန်းကို နန်းထိုက်အောင်စစ်ဆင် ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးနယ်ရှိ ရင်းငြိမ်နယ်မြေရဲစခန်းအား မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
SOF ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးနှစ်လုံးချိတ်ဆွဲကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရင်းငြိမ်ရဲစခန်းသို့ တိတိ ကျကျ ထိမှန်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲခံရမှုကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများရှိနိုင်ကြောင်း SOF တပ်ဖွဲ့၏ တာဝန်ရှိသူ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။
“ပစ်မှတ်ကို တိတိကျကျ ထိတယ်။ ပစ်မှတ်ကနေ စခန်းရဲ့အရှေ့ဘက်နဲ့အနောက်ဘက်ကို ထွက်ပြေး လာတဲ့ရဲတွေကို ဗီဒီယိုထဲမှာလည်း မြင်ရတယ်။ ဗုံးကြဲပြီး ၁၅ မိနစ်လောက်မှာ လူနာတင်ကားတစ်စီး ရောက်လာပြီး မိနစ် ၂၀ လောက်အကြာမှာ ပြန်ထွက်သွားတာလည်းရှိတော့ လေးဦးငါးဦးလောက်တော့ ထိခိုက်သေဆုံးမှုရှိမယ်လို့ မှန်းထားပါတယ်” ဟု ၎င်းကပြောသည်။
ဗုံးကြဲစစ်ဆင်ရေးပြုလုပ်အပြီး နာရီဝက်ခန့်အကြာတွင် သထုံမြို့နယ်အခြေစိုက် ခလရ(၂၄)နှင့် ခမရ(၁) တို့မှ စစ်ကားလေးစီးဖြင့် စစ်ကောင်စီတပ်သားများ ရင်းငြိမ်ရဲစခန်းသို့ရောက်လာပြီး စခန်းအနီးတဝိုက် အား ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ဒေသခံများအားမေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ရင်းငြိမ်ကျေးရွာမှ မြို့နယ်ပြည် သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနှင့် ပေါင်မြို့နယ် USDP ပါတီကိုယ်စားလှယ်လောင်း ဦးကိုကိုလေးတို့ကို လည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သုတ်သင်ရှင်းလင်းခဲ့သေးသည်။mizzima