KNU တပ်မဟာ(၃) နယ်မြေအတွင်း ရွာအချို့ကို စစ်ကောင်စီတိုက်ခိုက်နေ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ညောင်လေးပင်ခရိုင်၊မူးမြို့နယ်(မုန်းမြို့နယ်)အတွင်းရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိ‌ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သော မုန်းမြို့နယ်၊ လူအကျေးရွာအတွင်းသို့ ယမန့်နေ့ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

ထိုပစ်ခတ်မှုကြောင့် လူအကျေးရွာမှ အသက် ၁၄ နှစ်အရွယ် စောအယ်ခူစိုးနှင့် အသက် ၄၅ နှစ်အရွယ် စောပြည့်စုံတို့ ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၁ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် မုန်းမြို့နယ်၊ သင်္ကန်းပင်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

” လက်နက်ကြီးတွေက အိမ်တွေပေါ်ကျပြီးတော့ အိမ်အမိုးတွေလန်ကုန်တာရှိတယ်။ အိမ်တွေပျက်စီးတာတွေပေါ့။ မနေ့ကဆို အသက်ကြီးတဲ့သူတွေကိုဆို ချီပြီးတော့ ထွက်ပြေးကြရတယ်။ တချို့ဆို ဖိနပ်တောင်မပါဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးများသည် စစ်တောင်းမြစ်ကမ်းပါးရွာများဖြစ်သော ရေလဲအနောက်ဘက်ကမ်းကျေးရွာနှင့် သင်္ကန်းပင်ကျေးရွာများအတွင်း ၁၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအပြင်ဘက်တွင် ၁၆ လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရသည်။ ထိုရွာနှစ်ရွာမှ ဒေသခံ ၁၃၅၀ ဦးသည် နေအိမ်မှစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှ်ိသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်ကလည်း KNU တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊သိုက်တူးကုန်းကျေးရွာ၊ ဝိုင်းကျို‌ကျေးရွာ နှင့် ပြင်ရေကျေးရွာအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့- KHRGက ထုတ်ပြန်သည်။ ထိုဒေသခံ သုံးဦးသည် ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန​-KDHW၏ ဆေးခန်းတစ်ခုတွင်ကုသမှုခံယူနေရကြောင်း သိရသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရသူဦးရေ ၁၄၂,၈၆၁ ဦး အထိ ရှိလာပြီး အဖက်ဖက်မှ အကူအညီများစွာလိုအပ်နေကြောင်း KPSN- ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်​က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s