Monthly Archives: Mar 2023

စစ်ကောင်စီက စက်သုံးဆီ သုံးစွဲမှုလျှော့ချခိုင်းသဖြင့် လောင်စာဆီပြတ်လပ် ဈေးနှုန်း ထပ်မြင့်တက်မှာ လုပ်ငန်းရှင်များစိုးရိမ်

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေဖို့ နိုင်ငံတွင်း စက်သုံးဆီ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ သုံးစွဲသွားကြဖို့ ပြောဆိုလိုက်တာကြောင့်  ဈေးကွက်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှု နဲ့အတူ ဈေးနှုန်း ထပ်မံကြီးမြှင့်လာမှာကို လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။

စက်သုံးဆီတွေဟာ ကမ္ဘာတဝန်း ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ပြည်ပကနေ မှာယူတင်သွင်းရတာကြောင့် ဈေးနှုန်းကြီးမြင့်တဲ့အတွက် နိုင် ငံခြားငွေ သုံးစွဲမှုလျော့နည်းစေဖို့နဲ့  အသုံးစရိတ် မြင့်မားမှုကို ရှောင်ရှားတဲ့အနေနဲ့ စက်သုံးဆီ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ သုံးစွဲသွားကြဖို့ နေပြည်တော်မှာ မတ်လ ၉ ရက်က ပြုလုပ်တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း အစည်းအဝေးမှာ အာဏာသိမ်း ဒုစစ်ခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အခုနှစ်အတွက် စက်သုံးဆီ သုံးစွဲမှုကို အုပ်ချုပ်မှုသုံးအတွက် ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစိစစ်စစ် ခွင့်ပြုပေးသွားမှာဖြစ်တာကြောင့် စိစိစစ်စစ် သုံးစွဲသွားကြရမယ်လို့  ဌာနဆိုင်ရာတွေကို ပြောပါတယ်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင်က အခုလို ပြောဆိုလိုက်တာကြောင့် ဈေးကွက်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့အတူ ဈေးနှုန်း ထပ်မံကြီးမြင့်လာမှာကို စိုးရိမ်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တဦးက “စက်ရုံတွေဘက်မှာ လျှပ်စစ်မီးက လာတလှည့် ပျက်တလှည့် ပဲ။ အချိန်မမှန်ဘူး။ အချိန်ဇယားလည်း မရှိဘူး။ အဲ့တော့ ထုံးစံအတိုင်း မီးစက်နဲ့မောင်းပြီး စက်ရုံ လည်ပတ်နေရတယ်။ မီးစက် မောင်းရတဲ့ ကုန်ကျစရိတ်နဲ့ လျှပ်စစ်နဲ့ သုံးတဲ့ ကုန်ကျစရိတ်တော့ မတူဘူးပေါ့ဗျာ။ မီးစက်နဲ့မောင်းရတဲ့ ကုန်ကျစရိတ်ကတော့ ပိုက်ဆံတွေ မီးရှို့နေရသလို ဖြစ်နေတာပေါ့။ တွက်ခြေတော့ မကိုက်ဘူး။ လောလောဆယ်တော့ လိုသလောက် ဝယ်လို့ ရပါတယ်။ ဈေးတော့ကြီးတယ်။ ဒါကလည်း တကမ္ဘာလုံး ဈေးတက်နေတာ ဆိုတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တာ တခုက ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန် ကြီးလာမှာကိုပဲ။ အဲ့ဒါဆို လုပ်ငန်းတွေ တော်တော် များများ အခက်အခဲတွေ့ ကုန်လိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဖက်မှာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတယ် ဆိုပေမဲ့ ကုမ္ပဏီကြီးတွေ ကောင်းစာရေးအတွက်သာဖြစ်ပြီး လုပ်ငန်းငယ်ဆိုင်တွေကတော့ တဆိုင်ပြီးတဆိုင် ပိတ်သိမ်းနေရတယ်လို့ မန္တလေး အခြေစိုက် စက်သုံးဆီ ပန့်အရောင်းဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ပိတ်ရတဲ့ အကြောင်းရင်းက ဆီမရတာနဲ့ ရောင်း ရှုံး ဖြစ်တာ များလာလို့လေ။ ကျနော်ဆိုရင် ပြီးခဲ့တဲ့နှစ်က သိန်းတထောင်ကျော် ရှုံးသွားတယ်။ ကားက သွားသယ်ရမယ့် နေရာ မရောက်သေးဘူး။ လမ်းမှာတင် ရှုံးတာ။ ကြာလာတော့ မခံနိုင်တော့ဘူး။ ဆီကို ကျနော်တို့က ရန်ကုန်အထိ သွားသယ်ရတာ။ ရန်ကုန်ကနေ ဒီကို ပြန်ရောက်ဖို့ တပတ်နီးပါး ကြာတယ်။ အဲ့ဒီ့ တပတ်အတွင်းမှာ ဆီဈေးက တလီတာ ကို ၅၀၀ လောက် ကျသွားတဲ့အခါ လီတာ လေးသောင်း ဆိုရင် တွက်ကြည့်လေ။ သိန်း နှစ်ရာလောက် ရှုံးသွားပြီ။ အဲ့ဒါမျိုး အကြိမ်ရေနဲ့ ဖြစ်လာတဲ့အခါ မခံနိုင်တော့ဘူး။ ကျနော်တို့ ဖြစ်စေချင်တာက ဈေးနှုန်းတခုကို တပတ် သို့မဟုတ် ၁၅ အတွင်း သတ်မှတ်ပေးတာမျိုးပေါ့။ အခုက ကမ္ဘာ့ဈေးနဲ့တက်ရင် တက်ဈေး ဆိုပြီး လုပ်တာက ဘာမှ မထူးဘူး။ ကုမ္ပဏီကြီးတွေပဲ ကောင်းစားသွားတာ။ ကျနော်တို့ကတော့ သူတို့ဆီကနေတဆင့် ပြန်ယူရတာ။ စားသုံးသူလည်း အဆင်မပြေဘူး။ သူတို့ အပြောကတော့ စက်သုံးဆီဈေးနှုန်း တည်ငြိမ်အောင် လုပ်တယ်သာ ပြောတာ၊ လုပ်လိုက်လို့ရှိရင် တလွဲတွေချည်းပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ပမှ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှု ပမာဏကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ နီးပါး လျှော့ချသွားမယ်လို့ ပြောဆိုခဲ့တာ ရှိပါတယ်။ 

သူအခုလိုပြောဆိုခဲ့ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ အောက်တိန်း အမျိုးအစား စက်သုံးဆီဈေးနှုန်းက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၆ ရက်မှာ ၁ လီတာကို ကျပ် ၁၆၀၀ စွန်းစွန်းသာ ရှိခဲ့ပေမယ့် ရက်သတ္တပတ်အတွင်း (သြဂုတ်လ ၁၁ ရက်)မှာ ၁ လီတာကို ၂၁၄၀ ကျော်ရှိခဲ့တာကြောင့် ရက်ပိုင်းအတွင်း စက်သုံးဆီဈေးက ၁ လီတာကို ကျပ် ၅၄၀ ကျော် မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုတကြိမ်မှာလည်း ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း က စက်သုံးဆီ သုံးစွဲမှုကို လျှော့ချဖို့ ပြောဆိုလာတဲ့အတွက် ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ ထပ်မံ မြှင့်တက်လာမှာကို စိုးရိမ်နေရကြတာပါ။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရန်ကုန်ဈေးကွက် အတွက် မတ်လ ၁၃ ရက်အတွက် သတ်မှတ်ပေးထားတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ၁ လီတာကို အောက်တိန်း (၉၂) ၂၁၀၅ ကျပ်၊ အောက်တိန်း(၉၅) ၂၁၉၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၁၁၀ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၁၉၀ ကျပ် ရှိပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြည်ပကနေ စက်သုံးဆီ တင်သွင်းမှုပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တင်သွင်းခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ နီးပါး ရှိပါတယ်။ DVB

ပင်လောင်းတွင် သံဃာနှင့် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ရာ ဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ် အရေး ယူမည်ဟု PNLO ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်၊ နန်းနိမ်းရွာ ဘုန်း ကြီးကျောင်းအတွင်း အစုလိုက်အ ပြုံ လိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို ဖော်ထုတ်ကာ တရားမျှတမှုရရှိအောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုးအမျိုး သားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူးခွန်မင်းသိမ်းက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်အချိန် နမ်းနိန်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲဖြစ်စဉ်တွင် ဘာသာ ရေးဆိုင်ရာ သာသနိက အဆောက်အအုံနှင့်လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ သံဃာတော် ၃ ပါးအပါ အဝင်လက်နက်မဲ့ ပြည်သူ ၁၉ ဦးကို မတရားသတ်ဖြတ်ခြင်းများကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန် ပြုမူခဲ့ကြကြောင်း ကြားသိရသဖြင့် များစွာ တုန်လှုပ်ချောက်ချားကြေကွဲဝမ်းနည်းရပါကြောင်း PNLO က ထုတ်ပြန်ပြောကြားထားသည်။

“စစ်တပ်က သတ်တယ်လို့တော့ အများက ယူဆနေကြတာပေါ့၊ ဘယ်ကလုပ်တယ်ဆိုတာ အနှေးနဲ့အ မြန်ပေါ်မှာပါ၊ ပေါ်ပေါက်လာတဲ့အဖြေကိုကြည့်ပြီး တရားမျှတမှုရဖို့ဖော် ဆက်လက်ဖော်ဆောင်သွား မှာ ပါ။ ဒီလို လူမဆန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်၊” ဟု PNLO သတင်းနှင့်ပြန် ကြားရေးဌာနမှ ဗိုလ်မှူးခွန်မင်းသိမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်ရေးမဟုတ်သည့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အဦးနှင့် လူနေ အိမ်များကို မီးရှို့ဖျက်ဆီး ခြင်း၊ သံဃာတော် ၃ ပါး အပါအဝင် လက်နက်မဲ့ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်သဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ အဆိုပါ ဖြစ်ရပ်ကို ပြစ်မှု၊ ရာဇ ဝတ်မှုနှင့် ကျူးလွန်သည့်အစုအဖွဲ့က ခြွင်းချက်မရှိ တာဝန်ယူရမည်ဖြစ် ကြောင်း PNLO အဖွဲ့ကထုတ်ပြန်ပြောဆိုသည်။

စစ်ရာဇဝတ်မှုမြောက်သည့် အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် အကြမ်း ဖက်လုပ်ရပ် များကို ကျူးလွန်ခြင်းအပါအဝင် မတူကွဲပြားသော ဘာသာနှင့် လူမျိုးစုများအကြား ရည်ရွယ်ချက်ရှိရှိ အမုန်း တရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးခြင်း စသည့် မည်သည့်လုပ်ရပ်မဆို ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထား သည်။

နန်းနိမ်းရွာဖြစ်စဉ်ကို မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ် လော်ဘီတယ်လီဂ ရမ်များတွင် ကယား PDF များဖြစ်သည်ဟု ဆိုကာ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံကာ သေဆုံး အလောင်းများပေါ်တွင် လက်လုပ်သေနတ်များချထားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ဝါဒဖြန့်ထားသည်။khit thit

KIA အရာရှိများ အဖမ်းခံရသည့် ဖားကန့်တွင် ပစ်ခတ်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိတချို့ ဖမ်းဆီးခံရပြီး နောက်တစ် နေ့တွင် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန (လဝက) အရာရှိတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

မတ် ၁၁  နံနက် ၁၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ဖားပြင်ရွာရှိ ကချင်ယဉ်ကျေးမှုရုံးတွင် ဒေသခံများ ၊ ကျောက်စိမ်းလုပ်ငန်းရှင်တချို့နှင့် KIA အရာရှိတချို့ အစည်းအဝေးပြုလုပ်နေစဉ် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထိုပစ်ခတ်စီးနင်းမှုတွင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး KIA အရာရှိနှင့် အဖွဲ့ဝင်တချို့၊ ကျောက်စိမ်းသူဌေးတချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု PDF နဲ့နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရိုးရာရုံးမှာ အခွန်ကောက်ဖို့ကိစ္စအတွက် လောပန်းတွေရယ်၊ ဆိုင်ရှင်တွေကိုခေါ်ပြီးတော့ အစည်းအဝေး လုပ်နေချိန် မှာ စစ်တပ်က သတင်း ရပြီး ဝင်ပစ်ဖမ်းတာ။ တစ်ယောက်ပဲ ဒဏ်ရာရတယ်၊ ကျန်တာတွေက ဒီအတိုင်းဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။

လူ ၂၀ ခန့် ဖမ်းဆီးခံရပြီး အချို့ကိုမူ ယနေ့ (မတ် ၁၃) နံနက်တွင် စစ်တပ်က ပြန်လွှတ်လိုက်သည်ဟု သိရသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

KIA အရာရှိများ အဖမ်းခံရသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဒေသအခြေစိုက် ကချင်သတင်းဌာန များကလည်း သတင်းဖော်ပြထားကြသည်။

နောက်တစ်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့ဝန်ထမ်းအိမ်ရာဝန်းအတွင်း နေထိုင်သော အသက် ၅၀ ကျော်အရွယ် လဝက ဒုမြို့နယ်ဦးစီးမှူး ဦးမြင့်လွင်ကို အရပ်ဝတ် သေနတ်သမား ၄ ဦးက ဝင်ရောက် ပစ်သတ်သွားသည်။

ဦးမြင့်လွင်မှာ ဖားကန့်မြို့နယ်သို့ တာဝန်ကျပြောင်းရွှေ့လာသည်မှာ လအနည်းငယ်ခန့်သာ ရှိသေးသည်ဟု ဖားကန့်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်ပြီးတော့ စစ်တပ်က လာစစ်ဆေးတယ်၊ အစုံပဲ။ ဘယ်အဖွဲ့က လုပ်လဲတော့ မသိဘူး။ အရင်ကလည်း အဲဒီဝန်းထဲမှာ တစ်ယောက် ပစ်သတ်ခံရသေးတယ်” ဟု အထက်ပါ ဖားကန့်ဒေသခံအမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် မတ် ၁၀ ကလည်း ဖားကန့်မြို့ပြင် မှော်မောင်းလျှံရွာဘက်မှ ဖားကန့်မြို့ဘက်သို့ ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရသည်၊ စစ်တပ်လက်ချက်ဟု ဒေသခံများက ယူဆနေကြသည်။

ဖားကန့်မြို့တွင် မတ် ၉ ရက်ကတည်းက စစ်တပ်က စစ်ဆေးမှုတင်းကျပ်ခြင်း၊ စစ်တပ်ကုန်းများမှ လက်နက်ကြီးများပစ်ခတ်ခြင်းများ အဆက် မပြတ် ပြုလုပ်ခဲ့ပြီး နောက်ရက်များတွင် ဒေသတွင်း ဖမ်းဆီး၊ သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားလာသည်။

ယနေ့နံနက် ၂ နာရီခန့်ကလည်း မြို့ပေါ် မှော်ဝမ်းရပ်ကွက်ရှိ မျိုးသန့် ဆံသဆိုင်ကို စစ်တပ်က ဝင်ရောက် စီးနင်းကာ ဆိုင်ရှင်အပါအဝင် ဝန်ထမ်းများနှင့် မိတ်ဆွေအချို့ကို ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

သို့သော် ဖမ်းဆီးရခြင်းအကြောင်းအရင်း၊ ဖမ်းဆီးခံရသည့် အရေအတွက်နှင့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် KIA ထိန်းချုပ်လှုပ်ရှားရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ အဆက်ပြတ်ဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့မှာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့်အတွက် ထိုဒေသကို ထိန်းချုပ်နိုင်ရေး နှစ်ဖက် လက်နက်ကိုင်များက ကြိုးပမ်းလျက်ရှိရာ ယနေ့အထိ တိုက်ပွဲအပြင်းထန်ဆုံးနှင့် ဖမ်းဆီးသတ်ဖြတ်မှုအများဆုံး မြို့နယ်တစ်ခုဖြစ်နေသည်။

ယမန်နှစ် နိုဝင်ဘာ ၁၃ က မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ရောက်ရှိနေသည့် KIO, KIA အရာရှိ ၁၀ ဦးထက်မနည်းကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သေးသည်။

ထိုဒေသတွင် စစ်တပ် အာဏာမသိမ်းမီကတည်းက KIA နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်နေသည်။  စစ်အာဏာသိမ်းမှုကို KIA က ဆန့်ကျင်သလို  လက်နက်ကိုင်ခု ခုံလိုသူ လူငယ်အများအပြားကို သင်တန်းပေးခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များ၏ အဆိုအရ သိရသည်။ myanmar now

ဖမ်းဆီးခံထားရသည့် ပြည်ကြီးတံခွန်ဆရာ တော်နှင့် အဆက်အသွယ်ပြတ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ဦးဆောင် ဆရာတော်ဖြစ်သည့် မန္တလေးမြို့ ပြည်ကြီးတံခွန်ဆရာတော်ကို  စစ်တပ်က မတ်လ ၅ ရက်နေ့တွင်  ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

သက်တော် ၃၅နှစ် အရွယ် ဦးအဂ္ဂဝံသသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဧရာဝတီမြစ်ရိုးက လက္ကပင်ရွာကို စစ်ကြောင်းထိုးကာ ဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု သံဃသမဂ္ဂ(မန္တလေး)က မတ်လ ၁၁ တွင် သတင်းထုတ်ပြန်ထားသည်။

ဆရာတော် ဦးအဂ္ဂဝံသနှင့်အတူ တော်လှန်ရေးရဲဘော် ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုသူများကို စစ်ကောင်စီတပ်က သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊ အသေးစိတ်ကိုမူ မဖော်ပြထားပေ။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဖော်ပြမထားပေ။

မန္တလေးမြို့ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသည့် သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးကမူ ဆရာတော် စစ်ကိုင်းတိုင်းတွင် ချုပ်နှောင်ခံထားရသည်ဟု သတင်းရကြောင်း ပြောသည်။

“နောက်ဆုံးသိရတာက ဆရာတော်ကို သူတို့တပ်စွဲထားတဲ့ မြင်းမူမြို့နယ် စခန်းတစ်ခုမှာပဲဖမ်းထားတယ်။ အသက်မသေသေးဘူးလို့ ကြားတယ်ဗျ။ ဆရာတော်နဲ့အတူ ဖမ်းခံရတဲ့သူတွေကိုတော့ သတ်ပြီးအလောင်းတွေကို မြစ်ထဲမျောတယ်။ အလောင်းဖျောက်ပစ်တယ်လို့ သိရတယ်ဗျ”ဟု ၎င်းကဆိုသည်။

ဆရာတော် မြင်းမူတွင် ချုပ်နှောင်ခံထားရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

သံဃသမဂ္ဂ(မန္တလေး)က ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတွင် ရာနှုန်းပြည့်တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ထား သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စိတ္တသုခ ပတ္တမြားကျောင်းတိုက်မှ ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသသည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကို ဒေသတွင်း ဦးဆောင် ကန့်ကွက်ခဲ့သူများထဲတွင် ပါဝင်သည့် ရဟန်းတစ်ပါးဖြစ်သည်။

အာဏာသိမ်းတပ်က  ၂၀၂၁  မတ်လအတွင်း ဆရာတော်ကို ပုဒ်မ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကျောင်းတိုက်ကို အကြိမ်ကြိမ် စီးနင်းခဲ့သည်။

အောက်တိုဘာလ ၁၅ရက်နေ့က ဆရာတော်သတင်းသုံး နေထိုင်ခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ၁၂၉လမ်း၊ ၁၃၀လမ်းကြားရှိ စိတ္တသုခကျောင်းနှင့် သရက်ပင်ကျောင်းတို့ကို တတိယအကြိမ်မြောက် ဝင်ရောက်ရှာဖွေခဲ့သည်။

ဦးအဂ္ဂဝံသကို ထိုစဉ်က ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီက အသည်းအသန်ရှာဖွေနေသည်ဟု မိန့်သည်။

“ခုတော့ ဦးဇင်းအန္တရာယ်ကင်းပါတယ်။ အရင်ကလည်း ဦးဇင်းကိုရှာတယ်။ မတွေ့ရင် ဟိုပတ်ရမ်း ဒီပတ်ရမ်း လုပ်လုပ်သွားတာပေါ့။ အခုအန္တရာယ်ကင်းပါတယ်”ဟု ဆရာတော်က Myanmar Nowကို မိန့်ကြားခဲ့ဖူးသည်။

ရဟန်းသံဃာများကို  ဖမ်းဆီး နှိပ်စက်နေစဉ်မှာပင် စစ်တပ်က   မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များတွင် လှည့်လည်၍ ဆေးကုသပေးနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မတ်လ ၁၀ ရက် ထုတ်ပြန်ချက်တွင် လူပုဂ္ဂိုလ်ပေါင်း ၁၆,၄၃၂ ဦးကို စစ်ကောင်စီက ဖမ်းထားပြီး ထိုအထဲတွင် ရဟန်းသံဃာများအပါအဝင် ဘာသာရေးခေါင်းဆောင် ၉၆ ဦး ပါဝင်သည်ဟု ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉  ညပိုင်းက မန္တလေးမြို့မှ ဆန္ဒပြရဟန်းတစ်ပါးဖြစ်သည့် ဦးစန္ဒိမာလည်း ဖမ်းဆီးခံခဲ့ရသည်။ ချမ်းအေးသာစံမြို့နယ် လမ်း ၉၀၊ ၃၃ နှင့် ၃၄ လမ်းကြားရှိ သင်္ဂဇာကျောင်းတိုက်တွင် စစ်ကောင်စီတပ်သားတို့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်၊ ထို ဆရာတော်သည်လည်း မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရဘဲဖြစ်နေသည်။ myanmar now

ခင်ဦး၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ကာကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သံဘိုရွာအနီး ကင်းထောက်နေသည့် သံဘိုကျေးရွာ ကာကွယ်ရေးအဖွဲ့မှ PDF ရဲဘော် ၂ ဦးဖြစ်သည့် ကိုကျော်ရဲနှင့် ကိုသက်နိုင်ဖြိုး တို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” သံဘိုကျေးရွာက ကျေးရွာ ကာကွယ်ရေး အဖွဲ့ဝင် နှစ်ဦး ကင်းထောက်ရင်း ကျဆုံးခဲ့တာပါ။ ရဲဘော် ၂ ဦးကို စစ်ခွေးတွေက ခေါင်းဖြတ် သတ်သွားတယ်။ အခု စစ်ခွေးတွေ အားလုံး ကားနဲ့ ရွှေဘိုဘက်ကိုသွားပြီ” ဟု ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။ khit thit

ရခိုင်အခြေစိုက်မီဒီယာများကို စစ်ကောင်စီက ပစ်မှတ်ထားအရေးယူနေဟု ရခိုင်သတင်းသ မားများ ပြော

ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မီဒီယာတွေအားလုံးကို  စစ်အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထား အရေးယူမှုတွေ၊  အမှုဖွင့်တရားစွဲတာတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကြောင့် သတင်းမီဒီယာတိုက်တချို့ ပိတ်သိမ်းလိုက်ရကာ သတင်းသမားတွေပါ တိမ်းရှောင်နေကြရပါတယ်။

အခုရက်ပိုင်းမှာ ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနနဲ့  Border News Agency (BNA) သတင်းဌာနတို့ကို မမှန်သတင်းဖော်ပြလို့ဆိုပြီး အ ရေးယူမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ခြိမ်းခြောက်ထားသလို နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တပ်တိုး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ 

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က “ရခိုင်မှာက စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့တယ်။ ရခိုင်လူထုတွေကို တမင်ရည်ရွယ်ပြီးတော့ ကုန်းလမ်းရေလမ်း အဆက်အသွယ်တွေ ဖြတ်တောက်ထားတာတွေရှိခဲ့တယ်။ အဲ့ဒါတွေကို ကျနော်တို့က သတင်းရေးသားဖော်ပြခဲ့တယ်။ စစ်ကောင်စီတပ်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ကျနော်တို့ မီဒီယာသမား တော်တော်များများ ဖော်ထုတ်ရေးသားခဲ့ကြတဲ့အပေါ်မှာ သူတို့က မနှစ်သက်ကြဘူး။ မလိုလားဘူး။ မကျေ နပ်ဘူးပေါ့။ အဲ့ဒါကြောင့် ရခိုင်မှာရှိတဲ့မီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်တယ်၊ အကျပ်ကိုင်တယ်၊ ရခိုင်မီဒီယာတွေ လှုပ်ရှားလို့မရအောင် ဒီလိုရည်ရွယ်ချက်တွေနဲ့ နိမ်နင်းဖို့ ကြိုးစားနေတာပေါ့။ ဒါကြောင့် ဒီလိုတရားစွဲဆိုမှုတွေ ဖြစ်လာတာလို့မြင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ်က သတင်းဖော်ပြမှုတစ်ခုကြောင့် အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို စစ်တပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နဲ့ အမှုဖွင့်တရားစွဲဆို ခံထားရတာပါ။

ရခိုင်အခြေစိုက် BNA သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က “ရခိုင်မီဒီယာတွေကို ပစ်မှတ်ထားတာကတော့ စစ်ကောင်စီလက်ထက်တစ်ခုတည်းမဟုတ်ဘူး။ ခေတ်အဆက်ဆက် အစိုးရလက်ထက်ထက်တွေမှာလည်းရှိခဲ့တယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကတခြားသတင်းထောက်တွေ ဒုက္ခရောက်သလို ရခိုင်ကသတင်းသမားတွေလည်း တရားစွဲခံရတာတွေ။ ခြိမ်းခြောက်ခံရတာတွေ။ ရုံးတွေပိတ်ရတာတွေ။ တိမ်းရှောင်နေရတာတွေ ရှိတယ်။ ရခိုင်မှာ အပစ်ရပ်ထားတယ်ဆိုပဲ့ စစ်တပ်က အရင်ကထက်ပိုပြီး မီဒီယာတွေကို ပစ်မှတ်ထားလာတယ်။ ရခိုင်မှာရှိတဲ့ သတင်းသမားအကုန်လုံးကို သူတို့က အချိန်တိုင်း စောင့်ကြည်နေတယ်။ ပြီးတော့မှ ဘယ်လိုခြိမ်းခြောက်မှုတွေလုပ်လို့ရမလဲ။ ဘယ်လိုအရေးယူမှုတွေ လုပ်လို့ရမလဲဆိုတာကို သူတို့ကအချိန်တိုင်း ရှာဖွေကြတယ်”လို့ ပြောပါတယ်။

Border News Agency(BNA) သတင်းဌာနက “ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း” သတင်းထုတ်ခဲ့တဲ့အပေါ် မဟုတ်မမှန် ချဲ့ကားရေးသားမှုဖြစ်လို့ ဒေသခံပြည်သူများမှာ ခရီးသွားလာဖို့ စိုးရိမ်မှုတွေဖြစ်ပေါ်စေတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ရခိုင်အခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့ တခြားသတင်းထောက်တစ်ဦးတို့ကိုလည်း သတင်းရေးသားဖော်ပြမှုကြောင့် ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)နဲ့  စစ်ကောင်စီက တရားစွဲခဲ့ပါသေးတယ်။

အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက “ ရခိုင်မီဒီယာတစ်ခုတည်းလို့ မဟုတ်ဘူးဗျ။ စစ်တပ်က သူတို့ရဲ့အကျိုးစီးပွါးကို ထိခိုက်လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို ဖမ်းဆီးမယ်။ သတ်ဖြတ်မယ်။ အရေးယူမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့သွားနေတာ။ အဓိက ကတော့ ရခိုင်မှာ ဘာလုပ်နေတယ်။ ဘာဖြစ်နေတယ်ဆိုတာကို ရခိုင်မီဒီယာတွေက ဖော်ပြရေးသားကြတယ်။ သူတို့က ပြစ်မူကျူးလွန်နေသူတွေကို အရေးမယူဘူး။ သူတို့သိထားတာက  မီဒီယာမှာဖော်ပြတယ်။ မီဒီယာတွေကို အရေးယူတယ်။ ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ဒါစစ်တပ်က ငါအာဏာရှင်ပါလို့ ထပ်ကာထပ်ကာပြောနေတယ်လို့ မှတ်ချက်ပေးလို့ရတယ်။ ရခိုင်မီဒီယာတစ်ခုတည်း မဟုတ်ဘူး ။ပြည်တွင်း ပြည်ပမီဒီယာတွေကိုလည်း တောက်လျှောက် တရားစွဲတာတွေ။ ဖမ်းဆီးတာတွေ။ သတ်ဖြတ်တာတွေ။ ဌာနတွေကိုပိတ်သိမ်းတာတွေ တောက်လျှောက်လုပ်လာနေတာ။ ဒါက တပ်ရဲ့အကျိုးစီးပွါးကို ကာကွယ်ဖို့လုပ်တာ။ မီဒီယာကတော မီဒီယာကျင့်ဝတ်နဲ့ အညီဖော်ပြ ရေးသားနေတာသာဖြစ်တယ်”လို့ ထောက်ပြပြေဆိုထားပါတယ်။

ရခိုင်အခြေစိုက် DEVELOPMENT MEDIA GROUP(DMG) သတင်းဌာန အယ်ဒီတာချုပ် အပါအဝင် သတင်းထောက်နဲ့ တာဝန်ရှိသူတချို့ဟာလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၂)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့နဲ့ တရားစွဲဆိုခံ ထားရပါတယ်။ DVB

ရွှေဘိုတွင် ငါးကန်စောင့်လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မိကျောင်းကန်ရွာမှ ငါးမွေးမြူရေးကန် အစောင့်ဝန်ထမ်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားကို စစ်ကောင်စီတပ်က မတ် ၁၁ ရက်နေ့ ညပိုင်းတွင် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

မိသားစုလိုက် ငါးမွေးမြူရေးကန်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြသည့် မိသားစုတစ်ခုကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ ကိုဝေမင်းနောင်၏ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူတို့မိသားစုက အခြားရွာကလာတာ၊ သူတို့ရွာကနေ စစ်ဘေးရှောင်လာနေရင်း စားဝတ်နေရေးအတွက် ငါးကန်စောင့်အလုပ်လုပ်တာ အဲ့ဒီနေ့ညက ငါးကန်မှာ စောင့်နေတုန်း၊ ကလေးက စစ်သားတွေ ငါးကန်ဘက်လာတာမြင်တာပေါ့၊ မြင်လို့ ငါးကန်ပိုင်ရှင်ကို ပြောတဲ့အချိန် ကန်ပိုင်ရှင်က မီးထိုးကြည့်လိုက်တာမှာ လိုက်ပစ်တာ ခံလိုက်ရတာ”ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

စစ်တပ်အခြေစိုက် စခန်းများအနီးတွင်ရှိသည့် အဆိုပါ မိကျောင်းကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ခြင်း၊ လှည့် ကင်းပတ်ခြင်း မကြာခဏလုပ်လေ့ရှိပြီး၊ ယခုလူငယ်ကိုလည်း ကင်းပုန်းဝပ်သည့် တပ်ဖွဲ့တစ်ခုက ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

“ကင်းပုန်းဝပ်နေတာကို ငါးကန်နား သူခိုးကပ်တယ်ထင်တယ်နဲ့တူတယ်၊ မီးထိုးကြည့်လိုက်တာမှာ လိုက်ပစ်တော့ သားမိသုံးယောက် ထွက် ပြေး ကြတာပေါ့၊ ပြေးနေရင်းနဲ့ကို ကလေးနောက်စေ့မှန်ပြီး သေသွားခဲ့တာ”ဟု နီးစပ်သူအမျိုးသမီးက ဆက်ပြောသည်။

ဖခင်နှင့် မိခင်ဖြစ်သူမှာ သေနတ်မှန်သေဆုံးသွားသည့် သား၏ ရုပ်အလောင်းကို ခြုံပုတ်တစ်ခုအတွင်း ဆွဲသွင်းကာ ဆက်လက်ထွက်ပြေးခဲ့ပြီး စစ်သားများ အန္တရာယ်မှ လွတ်မြောက်ခဲ့သည်၊ နောက်တစ်နေ့(မတ်၁၂)တွင် အခင်းဖြစ်နေရာသို့ သွားပြန်ကြည့်ရာ ရုပ်အလောင်းမှာ ငါးကန်အတွင်း ပစ်ချခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း အဆိုပါ ဒေသခံကဆိုသည်။

ယင်းနေ့မှာပင် ရုပ်အလောင်းကို ငါးကန်အတွင်းမှ ပြန်လည်ဆယ်ယူကာ သင်္ဂြိုဟ်ခဲ့သည်။ myanmar now

မတ္တရာမြို့နယ်၊ စကျင်ကျောက်ပြားစက်ရုံအနီးတွင် အကြမ်း ဖက်စစ်သားများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်တောင်အနီးရှိ စကျင် ကျောက်ပြားစက်ရုံအနီးတွင် အကြမ်းဖက် စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့ မှ တာဝန်ရှိသူတစ် းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က မတ္တရာမြို့နယ်အနောက်ဘက်ခြမ်း၊ စကျင်တောင်ဖက်သို့ အင်အား ၄၂ ဦးဖြင့် ခြေလျင်စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို စကျင်ကျောက် ပြားစက်ရုံအနီးအရောက် ဒရုန်း ၅ စီးဖြင့် အကြိမ်ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စကျင်ကျောက်ပြားစက်ရုံအတွင်း ပြေးဝင်သွားခဲ့ကြောင်း သိရသည်။

“ဗုံးမှန်ပြီးလမ်းပေါ်မှာ လဲကျနေတဲ့ ၇ ကောင်ကို မသေမှာစိုးလို့ အလောင်းလာမကောက်ခင် အဲဒီကောင် တွေအပေါ်ကို နှစ်လုံးထပ်ချခဲ့သေးတယ်၊ ၇ ကောင်သေတယ်ဆိုတာ မျက်မြင်ကိုပဲပြောတာ၊ ပြည်သူတွေ ဆီက သိရတဲ့သတင်းအရဆိုရင် အ တော်များတယ်၊ စက်ရုံထဲပြေးဝင်သွားတဲ့ကောင်တွေကိုလဲ စက်ရုံထဲ အထိလိုက်ချခဲ့သေးတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု၊ စိန်ပန်းနီနီ Drone အဖွဲ့၊ Unicorn ပြောက် ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားသေဆုံးအလောင်းများကို နာရေးကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

အကြိမ်ကြိမ်တိုက်ခိုက်ခံရသဖြင့် အထိနာသွားသော အ ကြမ်းဖက်စစ်တပ်သည် ယနေ့ မတ်လ ၁၃ ရက် နေ့တွင် မတ္တရာမြို့ နယ်၊ အနောက်ခြမ်းရှိကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး သစ်တောရုံးရွာ၊ မြွေကူးတို့ဆိပ်ရွာ၊ မြွေဟင်္သာ၊ မြွေပုသိမ်ရွာစသည့်ကျေးရွာများကို လှည့်ပတ်မီးရှို့နေ ကြောင်း၊ လက်ရှိတွင် ဥဒိန်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားပြီး ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှလည်း အ ပြင်း အထန်ခုခံနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။ khit thit

ဘိုကလေးမြို့ ၌ ရဲတပ်ဖွဲ့က ဒေသခံပြည်သူကို ဖမ်းဆီးငွေညှစ် အနိုင်ကျင့်ဗိုလ်ကျနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ  စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားပြီး ကျပ်သိန်းဆယ်ဂဏန်းတောင်း ခြိမ်းခြောက် ငွေညှစ် အနိုင်ကျင့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘိုကလေးမြို့ခံတဦးက “အဓိက လုပ်တာက မကြာခင်ကမှ ပြောင်းလာတဲ့ စခန်းမှူးညွန့်လှိုင်ပါ။ သူရောက်လာခါစတုန်းကလည်း  ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေရဲ့ နေအိမ်တွေကို  ညဘက် ဧည့်စာရင်းစစ်မယ်ဆိုပြီး  အမျိုးသမီးတွေ အိပ်နေတဲ့ ခြင်ထောင်ကို လှန်ရှာပြီး ဖုန်းကို မသင်္ကာလို့ဆိုပြီး မိသားစု၀င်တွေကို ဖမ်းဆီးခေါ် ဆောင်သွားတယ်၊ ရဲစခန်းမှာ တတပတ်၊ နှစ်ပတ်ခေါ်ထားပြီး သိန်း ၄၀ ကနေ  ၅၀ ထိ တောင်းပြီး ပြန်လွှတ်ပေးတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  ၂ လကျော်လောက်ကလည်း  မရမ်းကွဲကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေနတ်ပစ်ခတ်သူကို မဖမ်းနိုင်ဘဲ ကျေးရွာသား  ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် တစ်ဦးကို ကျပ်ငွေ ၁၀ သိန်း ကနေ ၁၅ သိန်းထိ တောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အမှတ် (၅)ရပ်ကွက်၊ ဘုရားကြီးလမ်းထဲက အိမ်တအိမ်ကို မသင်္ကာလို့ ဝင်ရှာပြီး ချဲဘောင်ချာတွေ့တယ်ဆိုကာ ငွေကျပ် သိန်း ၆၀ ကျော် တောင်းယူသွားခဲ့သလို လက်ရှိ မြို့ပေါ်မှာ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးငွေညှစ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။  

“အခု  မြို့ပေါ်မှာလည်း တနေ့ကို ဆိုင်ကယ်အစီးရေ ၅၀ ပြည့်အောင် ဖမ်းခိုင်းနေပြန်ပြီ၊ ရဲတစ် ယောက်စီကို ဆိုင်ကယ် ၁၀ စီးဖမ်းပေးရမယ်လို့ အမိန့်ပေးထားတယ်။ အဲ့ဒီတော့ ရဲတွေကလည်း တနေ့ ၁၀ စီးပြည့်အောင်ဖမ်းပေါ့။ ဖမ်းပြီး တစီးကို  ကျပ်ငွေ ၈၀၀၀၀ တောင်းတယ်။ မပေးနိုင်ရင် တရားရုံးတင်ပြီး  တရားရုံကြ ရဲကြေး ၁၀၀၀၀၊ တရားရုံးကြေး ၁၀၀၀၀၊ နိုင်ငံ‌တော်ဒဏ်ငွေ ၁၀၀၀၀ ဆိုပြီး ငွေကျပ် ၃၀၀၀၀ ဒဏ်ရိုက်ပါတယ်။”

ဒါအပြင် မြို့ပေါ်က လောင်းကစားချဲဒိုင်တွေကိုလည်း  စခန်းမှူးက လိုင်းကြေး တစ်လ ၁၁ သိန်း လာဘ်ယူပြီး တရားဝင် ရောင်းချခွင့်ပြုထားတယ်လို့မြို့ခံတွေထံသိရပြီး ဒါနဲ့ ပတ်သက်လို့ ရဲစခန်းဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

ဘိုကလေးမြို့ကို စစ်ကောင်စီက  ပုဒ်မ(၁၄၄)ထုတ်ပြန်ထားပြီး ည ၁၂ နာရီ ကနေ မနက် ၄ နာရီ အတွင်းအပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့  ရဲကြေးပေးရင်တော့ ထွက်ခွင့်ရတယ်လို့ သိရပါတယ်။ DVB

« Older Entries