ဖမ်းဆီးခံထားရသည့် ပြည်ကြီးတံခွန်ဆရာ တော်နှင့် အဆက်အသွယ်ပြတ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ဦးဆောင် ဆရာတော်ဖြစ်သည့် မန္တလေးမြို့ ပြည်ကြီးတံခွန်ဆရာတော်ကို  စစ်တပ်က မတ်လ ၅ ရက်နေ့တွင်  ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

သက်တော် ၃၅နှစ် အရွယ် ဦးအဂ္ဂဝံသသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဧရာဝတီမြစ်ရိုးက လက္ကပင်ရွာကို စစ်ကြောင်းထိုးကာ ဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု သံဃသမဂ္ဂ(မန္တလေး)က မတ်လ ၁၁ တွင် သတင်းထုတ်ပြန်ထားသည်။

ဆရာတော် ဦးအဂ္ဂဝံသနှင့်အတူ တော်လှန်ရေးရဲဘော် ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုသူများကို စစ်ကောင်စီတပ်က သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊ အသေးစိတ်ကိုမူ မဖော်ပြထားပေ။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဖော်ပြမထားပေ။

မန္တလေးမြို့ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသည့် သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးကမူ ဆရာတော် စစ်ကိုင်းတိုင်းတွင် ချုပ်နှောင်ခံထားရသည်ဟု သတင်းရကြောင်း ပြောသည်။

“နောက်ဆုံးသိရတာက ဆရာတော်ကို သူတို့တပ်စွဲထားတဲ့ မြင်းမူမြို့နယ် စခန်းတစ်ခုမှာပဲဖမ်းထားတယ်။ အသက်မသေသေးဘူးလို့ ကြားတယ်ဗျ။ ဆရာတော်နဲ့အတူ ဖမ်းခံရတဲ့သူတွေကိုတော့ သတ်ပြီးအလောင်းတွေကို မြစ်ထဲမျောတယ်။ အလောင်းဖျောက်ပစ်တယ်လို့ သိရတယ်ဗျ”ဟု ၎င်းကဆိုသည်။

ဆရာတော် မြင်းမူတွင် ချုပ်နှောင်ခံထားရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

သံဃသမဂ္ဂ(မန္တလေး)က ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတွင် ရာနှုန်းပြည့်တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ထား သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စိတ္တသုခ ပတ္တမြားကျောင်းတိုက်မှ ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသသည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကို ဒေသတွင်း ဦးဆောင် ကန့်ကွက်ခဲ့သူများထဲတွင် ပါဝင်သည့် ရဟန်းတစ်ပါးဖြစ်သည်။

အာဏာသိမ်းတပ်က  ၂၀၂၁  မတ်လအတွင်း ဆရာတော်ကို ပုဒ်မ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကျောင်းတိုက်ကို အကြိမ်ကြိမ် စီးနင်းခဲ့သည်။

အောက်တိုဘာလ ၁၅ရက်နေ့က ဆရာတော်သတင်းသုံး နေထိုင်ခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ၁၂၉လမ်း၊ ၁၃၀လမ်းကြားရှိ စိတ္တသုခကျောင်းနှင့် သရက်ပင်ကျောင်းတို့ကို တတိယအကြိမ်မြောက် ဝင်ရောက်ရှာဖွေခဲ့သည်။

ဦးအဂ္ဂဝံသကို ထိုစဉ်က ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီက အသည်းအသန်ရှာဖွေနေသည်ဟု မိန့်သည်။

“ခုတော့ ဦးဇင်းအန္တရာယ်ကင်းပါတယ်။ အရင်ကလည်း ဦးဇင်းကိုရှာတယ်။ မတွေ့ရင် ဟိုပတ်ရမ်း ဒီပတ်ရမ်း လုပ်လုပ်သွားတာပေါ့။ အခုအန္တရာယ်ကင်းပါတယ်”ဟု ဆရာတော်က Myanmar Nowကို မိန့်ကြားခဲ့ဖူးသည်။

ရဟန်းသံဃာများကို  ဖမ်းဆီး နှိပ်စက်နေစဉ်မှာပင် စစ်တပ်က   မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များတွင် လှည့်လည်၍ ဆေးကုသပေးနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မတ်လ ၁၀ ရက် ထုတ်ပြန်ချက်တွင် လူပုဂ္ဂိုလ်ပေါင်း ၁၆,၄၃၂ ဦးကို စစ်ကောင်စီက ဖမ်းထားပြီး ထိုအထဲတွင် ရဟန်းသံဃာများအပါအဝင် ဘာသာရေးခေါင်းဆောင် ၉၆ ဦး ပါဝင်သည်ဟု ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉  ညပိုင်းက မန္တလေးမြို့မှ ဆန္ဒပြရဟန်းတစ်ပါးဖြစ်သည့် ဦးစန္ဒိမာလည်း ဖမ်းဆီးခံခဲ့ရသည်။ ချမ်းအေးသာစံမြို့နယ် လမ်း ၉၀၊ ၃၃ နှင့် ၃၄ လမ်းကြားရှိ သင်္ဂဇာကျောင်းတိုက်တွင် စစ်ကောင်စီတပ်သားတို့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်၊ ထို ဆရာတော်သည်လည်း မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရဘဲဖြစ်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s