ဖားကန့် ဆံပင်ညှပ်ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအ ပါအဝင် ၈ ဦးကို စစ်ကောင်စီတပ်က ဖမ်း ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တဆိုင်ကနေ ပြည်သူတွေကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ်လ ၁၃ ရက် မနက် ၂ နာရီလောက်က မှော်ဝမ်းရပ်ကွက် မျိုးသန့်ဆံပင်ညှပ်ဆိုင်ကို စစ်ကောင်စီတပ်တွေက တံခါးတွေကို ဖျက်ဆီးဖွင့်ပြီး ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်ဝန်ထမ်းတွေနဲ့ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့ခံတဦးက “အားလုံးအိပ်နေချိန်ကို တံခါးတွေကို ရိုက်ဖွင့်ပြီး ဖမ်းသွားတာ။ ဆိုင်ပိုင်ရှင်ရယ်၊ ဝန်ထမ်းတွေရယ်၊ ဆိုင်ပိုင်ရှင်ရဲ့သူ ငယ်ချင်းတချို့လည်း ပါသွားတယ်။ အားလုံး ၈ ယောက်။ ဘာလို့ဖမ်းတာလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို လက်ရှိ ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘာအမှုနဲ့ အရေးယူတယ်ဆိုတာလည်း မသိရသေးပါဘူး။
မတ်လ ၁၂ ရက် နေ့လယ် ၂နာရီခန့်က ဖားကန့်မြို့ ကြက်တစ်ကောင်ကုန်းရပ်ကွက်၊ ရဲစခန်းအနောက်ဘက်ခြမ်းရှိ ဝန်ထမ်းအိမ်ရာမှာ လူဝန်မှုကြီးကြပ်ရေး ဒုဦးစီးမှူးဦးမြင့်လွင်ကို အမည်မသိလက်နက်ကိုင်တွေက လာရောက်ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလက စတင်ပြီး စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေ အပါအဝင် KIA၊ PDF နဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ နေအိမ်တွေကို ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
မတ်လ ၁၁ ရက်ကလည်း ဖားပြင် ကချင်ရိုးရာယဥ်ကျေးမှုရုံးမှာ အစည်းအဝေးလုပ်ဖို့ ရောက်ရှိနေတဲ့သူ အယောက် ၃၀ ကို စစ်ကောင်စီတပ် ဖွဲ့ဝင် အင်အား ၅၀ လောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကလည်း မှော်ဝှမ်းရပ်ကွက် ရှုထောင့်သစ် လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်အပါအဝင် ၈ ဦးကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားခဲ့ပါတယ်။ DVB