မြိတ်မြို့ ရပ်ကွက်တချို့တွင် ပုလောစစ်ရှောင်များစာရင်း လိုက်လံကောက်ခံနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ရပ်ကွက်တချို့မှာ ပုလောစစ်ရှောင်တွေရဲ့စာရင်း အချက်အလက်တွေကို စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတွေက လိုက်လံကောက်ယူစစ်ဆေးနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက မြိတ်မြို့နယ် ရပ်ကွက်တွေမှာ ရာအိမ်မှူးတွေက ပုလောမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စာရင်းအချက်အလက်တွေကို လိုက်လံကောက်ယူနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“အများအားဖြင့်တော့ မြို့သစ်ရပ်ကွက်ဘက်တဝိုက်မှာ စာရင်းလာကောက်ယူသွားတာပါ။ သူတို့ကတော့ အိမ်တွေမှာ ပုလောစစ်ရှောင်တွေ ရှိမရှိ လာမေးတယ်၊ ရှိရင် စစ်ရှောင်တွေရဲ့ အချက်အလက်တွေ ယူသွားတယ်။”
စာရင်းလာကောက်ယူတဲ့အခါမှာ စစ်ရှောင်နေသူတွေရဲ့ နာမည်၊ အသက်နဲ့ အိမ်ထောင်စု စာရင်းတွေအပြင် ယခင်နေရပ်လိပ်စာတွေကို တောင်း ယူသွားတယ်လို့ ဆိုပါတယ်။
ပုလောင်စစ်ရှောင်ပြည်သူတဦးက “ဒီလိုစာရင်းလာကောက်တော့ အားလုံးကတော့ ကြောက်နေရတာပေါ့။ ပြန်ဖို့အိမ်တွေကလည်း မရှိတော့ဘူးလေ။ ဒီတိုင်း အမျိုးတွေဆီမှာ လာနေနေရတယ်ဆိုပေမယ့် ညဘက်ချိန်တွေ ဧည်စာရင်းစစ်ပြီး လာဖမ်းမှာကိုလည်း ကြောက်နေရလို့ အိပ်တောင်မပျော်ဘူး။ နေစရာအိမ်ရှိနေရင်တော့ ပြန်နေကြမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မြိတ်မြို့မှာ လာရောက်ခိုလှုံတဲ့ ပုလောစစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။
ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့လတုန်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ နေအိမ်ပေါင်း ၃ဝဝ ကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။DVB