ရခိုင်အခြေစိုက် သတင်းဌာန ၂ ခုကို အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် Narinjara သတင်းဌာနနှင့် Border News Agency (BNA) သတင်းဌာနတို့သည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လှုံ့ဆော်ရေးသားနေသည်ဟု စွပ်စွဲပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။
ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သွားလာလှုပ်ရှားမှုများကို ဖြန့်ဝေနေသော စစ်ကောင်စီထိန်းချုပ်ရာ ရခိုင်နေ့စဉ် စာမျက်နှာတွင် မတ်လ ၁၁ ရက်နေ့က ထိုသို့ခြိမ်းခြောက် ရေးသားထားခြင်း ဖြစ်သည်။
ရခိုင်တွင် စစ်တပ်က ဂိတ်များတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ များရှိကြောင်း BNAသတင်းဌာနနှင့် Narinjara သတင်းဌာနတို့က အသီးသီးထုတ်လွှင့်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုသို့ခြိမ်းခြောက်လာခြင်းဖြစ်သည်။
“အစိုးရ၊ တပ်၊ ဌာနဆိုင်ရာများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေသည့် သတင်းရေးသားသူများ၊ သတင်းဌာနများအား ထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း” ဟု စစ်ကောင်စီက ရေးသားထားသည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုခြင်းမှာ စစ်တပ်က ကျူးလွန်နေသည်များကို သက်သေအထောက်အထားများဖြင့် တင်ပြနေခြင်းကြောင့် ဖြစ်သည်ဟု BNA သတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ကိုကောင်းမြတ်နိုင်က မဇ္ဈိမကို ပြောသည်။
“ရခိုင်မှာ သတင်းဌာနတွေ၊သတင်းသမားတွေကို စစ်ကောင်စီက ခြိမ်းခြောက်နေ တာကြာပါပြီ၊ အဓိက မြေပြင်အနေအမှန်တွေကို ဖော်ထုတ်ရေးသားနိုင်တာရယ်၊ စစ်တပ်က ကျူးလွန်နေတဲ့ သက်သေအထောက်အထားတွေကို တင်ပြနိုင်တာ ကြောင့်ဖြစ်ပါမယ် ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် BNA သတင်းအနေဖြင့်လည်း ပြီးခဲ့သည့် ခုနစ်လလောက်က စတင်ပြီး ခြိမ်းခြောက်ခံနေရမူ အခြေအနေများကြောင့် လက်ရှိမှာ တိမ်းရှောင်နေရကြောင်းလည်း BNA တာဝန်ရှိသူက ဆက်ပြောသည်။
“ ကျွန်တော်တို့ကို ပြီးခဲ့တဲ့ ၆ လ၊ ၇ လ လောက်ကတည်းက စစ်ကောင်စီဖက်က ဖုန်းဆက်သတိပေးတာတွေ၊ ပြည်နယယ်အဆင့်လူကြီး၊တွေက သတိထားရှောင်နေကြဖို့ အသိပေးတာတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က သတိးထားရှောင်နေကြရတာကြာပါပြီ။ သတင်းသမားတွေလည်း ခြိမ်းခြောက်မူတွေကြားမှာ သတိထားလုပ်နေကြရပါတယ်။ ”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် Narinjara သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက်တစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နှင့် ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက အမှုဖွင့်ခဲ့သေးသည်။
ထို့အပြင် Narinjara သတင်းဌာနမှ မတ်လ ၇ ရက်နေ့က ဖော်ပြခဲ့သော ကုန်းလမ်း၊ ရေလမ်းများတွင် စစ်တပ်က ငွေကြေးကောက်ခံနေသည့်အကြောင်း သတင်းနှင့် ပတ်သက်ပြီး တာဝန်ခံအယ်ဒီတာချုပ်ကို မတ်လ (၁၁) ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံအဖွင့်ထားကြောင်း စစ်ကောင်စီက ဆိုသည်။
ယခုကိစ္စများဖြင့် ပတ်သတ်ပြီး Narinjara သတင်းဌာနမှ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
ရခိုင်အခြေစိုက် သတင်းဌာနများဖြစ်သည့် Delevoment Media Group (DMG) ၊Border News Agency ( BNA ) ၊ Narinjara နှင့် Western News သတင်းဌာနတို့ကို စစ်ကောင်စီက တရားစွဲဆိုမူများရှိနေပြီး သတင်းဌာန ရုံးစိုက်ရာနေရာနှင့် အယ်ဒီတာချုပ်များ အပါအဝင် သတင်းထောက်များကိုလည်း မကြာခဏ လိုက်လံရှာဖွေနေမူများရှိ နေကြောင်း ဒေသအခြေစိုက် သတင်း ထောက်များက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြနေသည့် ပြည်တွင်းအခြေစိုက် လွတ်လပ်သော သတင်းဌာ ၁၀ ခုထက်မနည်းကို စစ်ကောင်စီက ထုတ်ဝေခွင့် လိုင်စင်များ ပိတ်သိမ်းထားသည်။mizzima