ရခိုင်အင်အားကြီးပါတီ ANP ပြန်လည်မှတ်ပုံ တင်မည် 

ရခိုင်ပြည်နယ်တွင်အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) သည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံတွင် ယခုရက်ပိုင်းအတွင်း ပြန်လည်မှတ်ပုံတင်မည်ဟု ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

တည်ရှိနေသော ပါတီများ ပြန်လည်မှတ်ပုံမတင်လျှင်   အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ဟု  အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်က ဆိုသည်။  

နိုင်ငံတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းနှင့် ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ ရှိရမည်ဟု ဥပဒေသစ်က ဆိုထားသည်။ ပြည်နယ် နှင့်တိုင်းအဆင့်ဖြစ်ပါက ပါတီဝင် ဦးရေ ၁၀၀၀ နှင့် ပါတီရန်ပုံငွေ သိန်း ၁၀၀ ရှိရမည်ဟု ဆိုသည်။ 

ထို့ကြောင့် ANP အနေဖြင့် ရခိုင်ပြည်နယ်တွင်သာ ရပ်တည်ရန် မတ်  ၆ နှင့် ၁၂  တို့တွင် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု အထက်ပါထိပ်ပိုင်းခေါင်းဆောင်က ပြောသည်။ 

မှတ်ပုံတင်မည့် နောက်ဆုံး ရက်စွဲ၊  မှတ်ပုံတင်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး သတင်းဌာနများကို ဖြေကြားခြင်း မပြုရန် ညွှန်ကြားထားသည်ဟု ၎င်းက ပြောသည်။ 

“ပါတီက ရခိုင်ပြည်သူတွေအတွက် ဦးတည်ပြီးထောင်ထားတာ ဆိုတော့ ရခိုင်တွေရဲ့ ပြဿနာကို နိုင်ငံရေးနည်း လမ်းနဲ့သွားဖို့ အဖွဲ့အစည်းလိုတယ်ဆိုပြီး ထောင်ထားတာပဲ ”ဟု ၎င်းက ပြန်လည်မှတ်ပုံတင်ရသည့်အကြောင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။  

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကို ဆက်သွယ်ခဲ့‌သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။ 

အလားတူ ရခိုင်ဒေသတွင်း အားကောင်းသည့်ပါတီဖြစ်သော ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင် ပါတီ(AFP)သည် ဖေဖော်ဝါရီ ၂၇ တွင် ပြန်လည်မှတ်ပုံတင်ခဲ့သည်။ 

“ရွေးကောက်ပွဲသည် ဖြတ်သန်းကြရမဲ့ ဒီမိုကရေစီရဲ့ တံခါးပေါက်ဖြစ်တာကို။ အဲဒီတော့ ကျွန်တော်တို့က ရွေးကောက်ပွဲကော်မရှင်၊ အဲဒီကော်မရှင်ကို ဖွဲ့စည်းတဲ့ အစိုးရရဲ့အနေအထားနဲ့ ဒီအကြပ်အတည်းကနေ ဘယ်လိုရုန်းထွက်ရမှာလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ထွက်ပေါက်အပေါ်မှာ သဘောထားပေါ့။ အဲဒီအပေါ်ကို မူတည်ပြီးမှ ရွေးကောက်ပွဲကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ကျွန်တော်တို့ ထပ်ပြီးတော့ နည်းဗျူဟာတို့၊ ဘာတို့ ပြန်ချရမှာပေါ့” ဟု ဒေါက်တာအေးမောင်က  စစ်ကောင်စီဝါဒဖြန့် မီဒီယာတစ်ခုတွင် ဖေဖော်ဝါရီ ဒုတိယပတ်က ပြောထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် နိုင်ငံရေး၊ တော်လှန်ရေးနှင့်ပတ်သက်ပြီး ဖမ်းဆီးသတ်ဖြတ်ခြင်းများ၊ ရွာများကို မီးရှို့ခြင်းများရှိနေသည်။

ယင်းလုပ်ရပ်များကြောင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့်ကာလမျိုးတွင် စစ်ကောင်စီနှင့် လက်တွဲရန် မသင့်လျော်ဟု  ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် တစ်နိုင်ငံလုံးမှာ ပြည်သူတွေရဲ့ ရွေးကောက်ပွဲ၊ ပါတီတွေအပေါ်မှာ ပြည်သူတွေ  စိတ်ဝင်စားမှုအားနည်းနေတာကိုလည်း အားလုံးသိကြတာကြောင့် ဒီလိုပါတီရပ်တည်ရေး ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ‌‌ရွေးကောက်ပွဲကို ဝင်ဖို့အတွက် ပြန်လည်မှတ်ပုံတင်တာကတော့ အားလုံးသူက ဝေဖန်စရာ၊ကဲ့ရဲ့စရာ၊ ရှုတ်ချစရာဖြစ်ဖို့ဆိုတာတော့ အထူးပြောစရာမလိုဘူး”ဟု ၎င်းက ဆိုသည်။

ANP နှင့် AFP တို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အနိုင်ရရှိထားသည့်ပါတီများ ဖြစ်သဖြင့် ယင်းပါတီများအနေဖြင့် ယခုကဲ့သို့ ပြန်လည်မှတ်ပုံတင်လိုက်သောကြောင့် စစ်တပ်က  ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှု အကြောင်းပြပြီး အာဏာသိမ်းခြင်းကို လက်ခံရာကျသည်ဟု ANP ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဦးဖေသန်းက ဝေဖန်သည်။

“အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ရပိုင်ခွင့်ကို ထည့်သွင်း မစဉ်းစားဘဲနဲ့ စစ်ကောင်စီရဲ့အလိုကျ နောက်ထပ်ရွေးကောက်ပွဲပြိုင်ဖို့ စဉ်းစားနေတာက ကိုယ့်ပါတီက အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုယ့်ပါတီရဲ့လုပ်ဆောင်ချက်တွေအပေါ်  ပယ်ဖျက်ခြင်းလည်း ဖြစ်တယ်။ အဲဒါကိုလည်း ထည့်စဥ်းစားသင့်တယ်” ဟု ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်အနိုင်ရရှိဖူးသူ အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။  

“သမိုင်းမှာ ပါတီတစ်ခုဟာ ပယ်ဖျက်ခံရလို့ နောက်တစ်ခါ ပြန်မဖွဲ့ရဘူးလို့ မရှိပါဘူး။ ALD တို့၊ NLD တို့ အဲဒီလို ပြန်ဖွဲ့ကြတာပဲ။ အဲ ဒါကြောင့် ပါတီရပ်တည်ရေးဆိုတာကလည်း ဒီတစ်ချိန်မှာ မရပ်တည်နိုင်ရင်လည်း နောင်တစ်ချိန်မှာ အစိုးရကောင်းတို့နဲ့ သမာသမတ်ကျတဲ့ရွေးကောက်ပွဲမှာ ပြန်ဝင်ပြီး ဒီပါတီနာမည်နဲ့ပဲ ပြန်ရပ်တည်နိုင်ပါတယ်”

ရခိုင်ပြည်နယ်တွင် သမိုင်းစဥ်လာအရ ထင်ရှားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က စစ်အာဏာသိမ်းခြင်းကို သပိတ်မှောက်ထားပြီး ရွေးကောက်ပွဲ ပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။ 

စစ်ကောင်စီသည် ၂၀၂၃ ၊သြဂုတ်တွင် ရွေးကောက်ပွဲကျင်းပရန်စီစဥ်ထားသော်လည်း နိုင်ငံ့အခြေအနေ မှာ ပုံမှန်မဟုတ်သေးဟု ဆိုကာ နောက်ထပ် ၆ လ ဆက်လက် အာဏာသိမ်းထားသောကြောင့် ရွေးကောက်ပွဲ မည်သည့်အချိန် ပြုလုပ်မည်ကို အတိအကျမသိရသေးပေ။ သို့သော် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု အစဥ်အမြဲ လေသံပစ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ကလည်း စစ်ခေါင်းဆောင်  စစ်တွေမြို့သို့ ရောက်ရှိလာစဥ်  စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ယခင်ရွေးကောက်ပွဲများ၏ အတွေ့အကြုံအရ ရွေးကောက်ပွဲသည် ရခိုင်ပြည်သူများ၏ ဘဝဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုကို တစ်စုံတစ်ရာ အ‌ထောက်အပံ့ မဖြစ်ခဲ့သောကြောင့် ပြည်သူများ စိတ်ကုန်နေကြသည်ဟု ပြောထားသည်။ 

“အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းနဲ့ပတ်သက်ပြီးတော့ တစ်စုံတရာ ပြောစရာ မရှိပါ ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာက ပြည်သူတွေရဲ့ဆန္ဒကို ခံယူတာဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေ ဆန္ဒရှိဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူတွေက ထောက်ခံရင် ရွေး ကောက်ပွဲ ဖြစ်မယ်။ပြည်သူတွေ မထောက်ခံရင်တော့ ရွေးကောက်ပွဲဟာ အလဟဿပါပဲ။ တရားဝင်မှုလည်းရှိမှာ မဟုတ်ဘူး” ဟု ဦးခိုင်သုခက ဖေဖော်ဝါရီ ၂၆ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောခဲ့သည်။

“ဒီရွေးကောက်ပွဲတွေဟာ ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးရဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေလို့ ကျွန်တော်တို့ မယူဆတဲ့အတွက်ကြောင့် ဒီလိုလက်နက်ကိုင် တော်လှန်ရေးကို လုပ်နေတာ ဖြစ်တယ် ” 

မတ်လ ၈ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စုစုပေါင်းပါတီ ၁၉ ပါတီ မှတ်ပုံတင်ထားကြပြီး ဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့်ချိရေးသတင်းစာများတွင် ရေးသားထားသည်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းနှင့်ပြည်နယ်၌သာ စည်းရုံးမည့်ပါတီ ၁၄ ပါတီ ဖြစ်သည်ဟု ဆိုသည်။

တရားဝင်နေဆဲ ပါတီ ၉၀ ခန့်ရှိနေပြီး ကော်မရှင်ကမူ မတ်လ မကုန်မီ မှတ်ပုံပြန်တင်ရမည်ဟု ဆိုထားသည်။

စစ်တပ်က ၂၀၁၀ ရွေးကောက်ပွဲကာလတွင်လည်း ပါတီများကို ပြန်လည် မှတ်ပုံတင်ရန် အမိန့်ထုတ်ခဲ့ဖူးသည်။ ထိုစဉ်က ပါတီကြီးတချို့ ပြန် လည်မှတ်ပုံတင်ခြင်း မပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s