ရွှေကျင်တွင် ခမရ ၅၉၈ မှ တပ်ကြပ်ကြီး ဦးငပေါက် ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်နှင်ကျည်များ သိမ်းဆည်းရမိ၊ ကန့်ဘလူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


ပဲခူးတိုင်း ရွှေကျင်မြို့ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်တွင် အခွန် ကောက်နေသည့် ခမရ ၅၉၈ မှ တပ်ကြပ်ကြီး ဦးငပေါက်ကို နယ်ခံများ၏ သတင်းပေးပို့မှုဖြင့် သွားရောက်ရှင်းလင်းခဲ့ကြောင်း Soul Takers- Yangon Underground Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
“မနေ့က ရှင်းတာပါ။ တစ်ချက်ပဲ ပစ်ရပါတယ်ခင်ဗျာ။ အဲဒီနယ်တစ်ဝိုက်မှာတော့ သူ ကောက်နေတာ(လှေဆိပ်အကောက်ခွန်) အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးတယ်။ နယ်ခံတွေ သတင်းပေးတာပါ။ သူ့ဘက်က ခုခံချိန် မရလိုက်တာမျိုး ခင်ဗျာ။ အလစ်ဝင်တိုက်လိုက်တာ မြို့ပေါ်မစ်ရှင်ဆိုတော့ ” ဟု Soul Takers Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ တပ်ကြပ်ကြီး ဆိုသူ ဦးငပေါက်ကို ရှင်းလင်းပြီးနောက် စစ်ကောင်စီထုတ် MP 3 ပြောင်းရှည်တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၅၄ ထောင့်တို့အား သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကန့်ဘလူမြို့နယ်တွင် ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်အောင်၊ ပျူစောထိးအုန်းကြိုင်နှင့် ထွန်းညွန့်တို့ကို သေနတ်သမားများက ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးဇော်အောင်၏ နေအိမ်ရှိ SGG 2H/2525 VAN အဖြူရောင် မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို လည်း သေနတ်သမားများက သိမ်းဆည်းသွားကြောင်း သိရှိရသည်။khit thit