ရွှေဘိုတွင် ငါးကန်စောင့်လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မိကျောင်းကန်ရွာမှ ငါးမွေးမြူရေးကန် အစောင့်ဝန်ထမ်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားကို စစ်ကောင်စီတပ်က မတ် ၁၁ ရက်နေ့ ညပိုင်းတွင် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
မိသားစုလိုက် ငါးမွေးမြူရေးကန်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြသည့် မိသားစုတစ်ခုကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ ကိုဝေမင်းနောင်၏ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“သူတို့မိသားစုက အခြားရွာကလာတာ၊ သူတို့ရွာကနေ စစ်ဘေးရှောင်လာနေရင်း စားဝတ်နေရေးအတွက် ငါးကန်စောင့်အလုပ်လုပ်တာ အဲ့ဒီနေ့ညက ငါးကန်မှာ စောင့်နေတုန်း၊ ကလေးက စစ်သားတွေ ငါးကန်ဘက်လာတာမြင်တာပေါ့၊ မြင်လို့ ငါးကန်ပိုင်ရှင်ကို ပြောတဲ့အချိန် ကန်ပိုင်ရှင်က မီးထိုးကြည့်လိုက်တာမှာ လိုက်ပစ်တာ ခံလိုက်ရတာ”ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
စစ်တပ်အခြေစိုက် စခန်းများအနီးတွင်ရှိသည့် အဆိုပါ မိကျောင်းကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ခြင်း၊ လှည့် ကင်းပတ်ခြင်း မကြာခဏလုပ်လေ့ရှိပြီး၊ ယခုလူငယ်ကိုလည်း ကင်းပုန်းဝပ်သည့် တပ်ဖွဲ့တစ်ခုက ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။
“ကင်းပုန်းဝပ်နေတာကို ငါးကန်နား သူခိုးကပ်တယ်ထင်တယ်နဲ့တူတယ်၊ မီးထိုးကြည့်လိုက်တာမှာ လိုက်ပစ်တော့ သားမိသုံးယောက် ထွက် ပြေး ကြတာပေါ့၊ ပြေးနေရင်းနဲ့ကို ကလေးနောက်စေ့မှန်ပြီး သေသွားခဲ့တာ”ဟု နီးစပ်သူအမျိုးသမီးက ဆက်ပြောသည်။
ဖခင်နှင့် မိခင်ဖြစ်သူမှာ သေနတ်မှန်သေဆုံးသွားသည့် သား၏ ရုပ်အလောင်းကို ခြုံပုတ်တစ်ခုအတွင်း ဆွဲသွင်းကာ ဆက်လက်ထွက်ပြေးခဲ့ပြီး စစ်သားများ အန္တရာယ်မှ လွတ်မြောက်ခဲ့သည်၊ နောက်တစ်နေ့(မတ်၁၂)တွင် အခင်းဖြစ်နေရာသို့ သွားပြန်ကြည့်ရာ ရုပ်အလောင်းမှာ ငါးကန်အတွင်း ပစ်ချခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း အဆိုပါ ဒေသခံကဆိုသည်။
ယင်းနေ့မှာပင် ရုပ်အလောင်းကို ငါးကန်အတွင်းမှ ပြန်လည်ဆယ်ယူကာ သင်္ဂြိုဟ်ခဲ့သည်။ myanmar now