လောင်းလုံးမြို့မှ ပင်လယ်ကမ်းခြေရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးဖျက်ဆီး၊ ဒေသခံ ၂ဦးကို ဖမ်းဆီးသွားဟုဆို

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှ နာမည်ကြီးပင်လယ်ကမ်းခြေရွာဖြစ်သော ပညစ်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းထိုးကာ အိမ်အချို့ကို မီးရှို့ဖျက်ဆီးပြီး အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်
စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၅၀ နီးပါးက ပညစ်ရွာသို့ ရေကြောင်းလမ်းမှတဆင့်လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ကာ စစ် ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဟု ဒေသခံများကပြောသည်။
စစ်ကောင်စီက ရွာထဲသို့ဝင်ရောက်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပညစ်ရွာခံတစ်ဦးက“စစ်တပ်က ရွာထဲကို ပစ်ခတ်ပြီး ဝင်ရောက်လာချိန်မှာ PDF အဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်”ဟု မဇ္ဈိမကို ပြော သည်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးချိန်တွင် စစ်ကောင်စီတပ်က နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊နောက် ထပ် နေအိမ် အလုံး ၁၀၀ နီးပါးကို ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူသွားကြောင်း ဒေသခံသတင်းအရင်းမြစ်များက ပြောသည်။
“စစ်တပ်က ရွာထဲကို ဝင်လာတဲ့အချိန်မှာ အိမ်ပိတ်ပြီး အကုန် ထွက်ပြေးချိန်မှာ အခုလို မီးရှို့ဖျက်ဆီး ဖောက်ထွင်းခံရတာ ဖြစ်တယ်”လို့ နောက် ထပ် ပညစ်ရွာခံ စစ်ရှောင်တစ်ဦးက ပြောသည်။
ထို့အပြင် ပညစ်ရွာဒေသခံအသက်ကြီးပိုင်းသုံးဦးကို ဖမ်းဆီးသွားပြီး အမျိုးသမီးတစ်ဦးကိုပြန်လွတ်ပေးခဲ့ကြောင်း၊အမျိုးသားနှစ်ဦးကိုပြန်လွှတ် ပေးခြင်းမရှိသေးကြောင်း သိရသည်။
စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပညစ်ရွာသည် အိမ်ခြေ စုစုပေါင်း ၁၂၀ ဝန်းကျင်ရှိပြီး စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းပြည်ပခရီး သွားအများအပြား လာရောက်လည်ပတ်သော ထင်ရှားသည့် ပင်လယ်ကမ်းခြေရွာဖြစ်သည်။mizzima