KIA အရာရှိများ အဖမ်းခံရသည့် ဖားကန့်တွင် ပစ်ခတ်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိတချို့ ဖမ်းဆီးခံရပြီး နောက်တစ် နေ့တွင် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန (လဝက) အရာရှိတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

မတ် ၁၁  နံနက် ၁၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ဖားပြင်ရွာရှိ ကချင်ယဉ်ကျေးမှုရုံးတွင် ဒေသခံများ ၊ ကျောက်စိမ်းလုပ်ငန်းရှင်တချို့နှင့် KIA အရာရှိတချို့ အစည်းအဝေးပြုလုပ်နေစဉ် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထိုပစ်ခတ်စီးနင်းမှုတွင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး KIA အရာရှိနှင့် အဖွဲ့ဝင်တချို့၊ ကျောက်စိမ်းသူဌေးတချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု PDF နဲ့နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရိုးရာရုံးမှာ အခွန်ကောက်ဖို့ကိစ္စအတွက် လောပန်းတွေရယ်၊ ဆိုင်ရှင်တွေကိုခေါ်ပြီးတော့ အစည်းအဝေး လုပ်နေချိန် မှာ စစ်တပ်က သတင်း ရပြီး ဝင်ပစ်ဖမ်းတာ။ တစ်ယောက်ပဲ ဒဏ်ရာရတယ်၊ ကျန်တာတွေက ဒီအတိုင်းဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။

လူ ၂၀ ခန့် ဖမ်းဆီးခံရပြီး အချို့ကိုမူ ယနေ့ (မတ် ၁၃) နံနက်တွင် စစ်တပ်က ပြန်လွှတ်လိုက်သည်ဟု သိရသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

KIA အရာရှိများ အဖမ်းခံရသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဒေသအခြေစိုက် ကချင်သတင်းဌာန များကလည်း သတင်းဖော်ပြထားကြသည်။

နောက်တစ်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့ဝန်ထမ်းအိမ်ရာဝန်းအတွင်း နေထိုင်သော အသက် ၅၀ ကျော်အရွယ် လဝက ဒုမြို့နယ်ဦးစီးမှူး ဦးမြင့်လွင်ကို အရပ်ဝတ် သေနတ်သမား ၄ ဦးက ဝင်ရောက် ပစ်သတ်သွားသည်။

ဦးမြင့်လွင်မှာ ဖားကန့်မြို့နယ်သို့ တာဝန်ကျပြောင်းရွှေ့လာသည်မှာ လအနည်းငယ်ခန့်သာ ရှိသေးသည်ဟု ဖားကန့်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်ပြီးတော့ စစ်တပ်က လာစစ်ဆေးတယ်၊ အစုံပဲ။ ဘယ်အဖွဲ့က လုပ်လဲတော့ မသိဘူး။ အရင်ကလည်း အဲဒီဝန်းထဲမှာ တစ်ယောက် ပစ်သတ်ခံရသေးတယ်” ဟု အထက်ပါ ဖားကန့်ဒေသခံအမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် မတ် ၁၀ ကလည်း ဖားကန့်မြို့ပြင် မှော်မောင်းလျှံရွာဘက်မှ ဖားကန့်မြို့ဘက်သို့ ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရသည်၊ စစ်တပ်လက်ချက်ဟု ဒေသခံများက ယူဆနေကြသည်။

ဖားကန့်မြို့တွင် မတ် ၉ ရက်ကတည်းက စစ်တပ်က စစ်ဆေးမှုတင်းကျပ်ခြင်း၊ စစ်တပ်ကုန်းများမှ လက်နက်ကြီးများပစ်ခတ်ခြင်းများ အဆက် မပြတ် ပြုလုပ်ခဲ့ပြီး နောက်ရက်များတွင် ဒေသတွင်း ဖမ်းဆီး၊ သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားလာသည်။

ယနေ့နံနက် ၂ နာရီခန့်ကလည်း မြို့ပေါ် မှော်ဝမ်းရပ်ကွက်ရှိ မျိုးသန့် ဆံသဆိုင်ကို စစ်တပ်က ဝင်ရောက် စီးနင်းကာ ဆိုင်ရှင်အပါအဝင် ဝန်ထမ်းများနှင့် မိတ်ဆွေအချို့ကို ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

သို့သော် ဖမ်းဆီးရခြင်းအကြောင်းအရင်း၊ ဖမ်းဆီးခံရသည့် အရေအတွက်နှင့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် KIA ထိန်းချုပ်လှုပ်ရှားရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ အဆက်ပြတ်ဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့မှာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့်အတွက် ထိုဒေသကို ထိန်းချုပ်နိုင်ရေး နှစ်ဖက် လက်နက်ကိုင်များက ကြိုးပမ်းလျက်ရှိရာ ယနေ့အထိ တိုက်ပွဲအပြင်းထန်ဆုံးနှင့် ဖမ်းဆီးသတ်ဖြတ်မှုအများဆုံး မြို့နယ်တစ်ခုဖြစ်နေသည်။

ယမန်နှစ် နိုဝင်ဘာ ၁၃ က မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ရောက်ရှိနေသည့် KIO, KIA အရာရှိ ၁၀ ဦးထက်မနည်းကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သေးသည်။

ထိုဒေသတွင် စစ်တပ် အာဏာမသိမ်းမီကတည်းက KIA နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်နေသည်။  စစ်အာဏာသိမ်းမှုကို KIA က ဆန့်ကျင်သလို  လက်နက်ကိုင်ခု ခုံလိုသူ လူငယ်အများအပြားကို သင်တန်းပေးခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များ၏ အဆိုအရ သိရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s