ချင်းပြည်နယ်သို့ တက်လာသော စစ်ကောင်စီတပ်သားများ မိုင်းထိ၍ ထိခိုက်သေဆုံးမှုရှိဟုဆို
ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ကာကွယ်ရေးတပ်ဖွဲ့က ထောင်ထားသည့် တိုက်မိုင်းထိမိပေါက်ကွဲရာ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ထံမှ သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ဗားလွန်ကျေးရွာ အလွန်၌ မတ်လ ၁၂ ရက်နေ့တွင် ၎င်းတို့ထောင်ထားသော တိုက်မိုင်းကို စစ်ကောင်စီတပ်ဖွဲ့က တိုက်မိသည့် မှတ်တမ်းရုပ်သံကို CNDFက မတ်လ ၁၃ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်က နှစ်ဦးသေတယ်လို့တော့ ကနဦးသိထားရတယ် အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးဘူး” ဟု CNDF မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညက Zawnglei ရွာ၌ ညအိပ်ကြပြီး ယနေ့ မတ်လ ၁၄ရက်တွင် ၃၅ မိုင်ခန့်အကွာ၌ရှိသော ဖလမ်းမြို့သို့ ဆက်လက်ထွက်ခွာလာနေကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ ၏ ယာဉ်တန်းရှေ့တွင် ခြေလျင်စစ်ကြောင်းက ရှေ့ပြေး မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ကာ ချီတက်လာနေကြောင်း CNDF မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ယင်းစစ်ကောင်စီတပ်သားများသည် မတ်လ ၇ရက်နေ့တွင် ချင်းပြည်နယ်ဘက်သို့ ခြေလျင်ဖြင့် တက်လာခဲ့ပြီး မတ်လ ၉ရက်နေ့တွင် သံချပ်ကား ကားနှစ်စီး ၊ JCB (မြေကော်စက်) တစ်စီးနှင့် ချောဆွဲခံထားရသော အရပ်သား ကုန်တင်ကား အစီး ၃၀ ကျော်၊ အင်အား ၂၅၀ခန့်ဖြင့် က လေးမြို့မှ ချီတက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
မတ်လ ၁၀ရက် နှင့် ၁၁ရက်များတွင် အဆိုပါ စစ်ကြောင်းကို CDM – Siyin နှင့်အတူ Mountain Eagle Defence Force ၊ CDF – KKG တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။mizzima