ဆန့်ကျင်သူများကို နှိမ်နင်းရန် လူမှုကွန်ရက်ကို လက်နက်အဖြစ် စစ်ကောင်စီ သုံး

စစ်ကောင်စီသည် ယင်းကို ဆန့်ကျင်သူများကို ချေမှုန်းရန် အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်မှုလှုပ်ရှားမှုများကို ကြိုးကိုင်နေပြီး လူမှုကွန်ရက်ကို လက်နက်တစ်ခုသဖွယ် အသုံးချနေကြောင်း ကုလသမဂ္ဂက မတ်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။
စစ်တပ်ထောက်ခံသူများ၏ အွန်လိုင်းမှတစ်ဆင့်ပြောဆိုချက်များသည် အကြမ်းဖက်မှုများဖြစ်ပေါ်ရန် ဦးတည်နေပြီး ဒီမိုကရေစီအရေး လှုပ် ရှားသူများနှင့် လူ့အခွင့်ရေးသမားများကို အကြမ်းဖက်ရန် လှုံ့ဆော်နေသည်ဟု ကုလကဆိုသည်။ ထိုအထဲတွင် အမျိုးသမီးများ ပစ်မှတ်ထားခံနေရပြီး ဆိုးဆိုးရွားရွား ထိခိုက်နေသည်ဟုလည်း ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများကို ထောင်ချထားပြီး ဆန္ဒပြသူများကို ပစ်သတ်ကာ အာဏာမြဲရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့် စစ်ကောင်စီသည် လူမှုကွန်ရက်ပေါ်မှ သဘောထားကွဲလွဲမှုများကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်ဟု ကုလထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီကို လိုလားသူများကလည်း လူမှုကွန်ရက် တယ်လီဂရမ်၏ ပေါ့လျော့သည့် စည်းမျဉ်းစည်းကမ်းများကို အသုံးချကာ ယုတ်ညံ့ကြမ်းတမ်းသည့် အကြောင်းအရာများကို ပို့စ်တင်ကာ Follower ထောင်ပေါင်းများစွာကို ဆွဲဆောင်နေသည်ဟုလည်း ကုလက ဆိုသည်။
စစ်ကောင်စီသည် ယင်းကို ဝေဖန်သည့် လူမှုကွန်ရက်အသုံးပြု သဘောထားကွဲလွဲသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံအ ကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅−က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ၃၃(က) တို့ဖြင့် အရေးယူနိုင်ကြောင်း ကြေညာထားသည်။
အဆိုပါပုဒ်မများသည် လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်ခြင်း၊ ဝေဖန်ထားသည့် ပို့စ်ကို ထောက်ခံ Comment ပေးခြင်း၊ နှစ်သက်ကြောင်း ပြသခြင်းတို့ ပြုလုပ်ရုံဖြင့် တရားစွဲဆိုနိုင်သည့် ပုဒ်မများဖြစ်သည်။myanmar now