နေပြည်တော်ပတ်စ်ပို့ရုံးတွင် ရဲများကိုယ်တိုင် ပွဲစားလုပ်နေ

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးရေးရုံးတွင် ပွဲစားလုပ်နေသည့် အမျိုးသမီးတစ်ဦးကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သော်လည်း ရဲများကိုယ်တိုင် အခကြေးငွေဖြင့် ပွဲစားလုပ်နေဆဲဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။

နေပြည်တော် ရှစ်မြို့နယ်အတွင်း အိမ်ထောင်စုနှင့် ပတ်စ်ပို့အမျိုးမျိုးကို အခကြေးငွေယူကာ လုပ်ဆောင်ပေးနေကြောင်း လူမှုကွန်ရက်တွင် ရေး သားကြော်ငြာခဲ့သူ ပျဉ်းမနားမြို့နယ်မှ အမျိုးသမီးတစ်ဦးကို မတ်လ ၉ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။

အဖမ်းခံရသူ အမျိုးသမီးမှာ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၂) ရပ်ကွက်မှ ဖြစ်သည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရပ်ကွက်ထဲက အမျိုးသမီးပါ။ အွန်လိုင်းမှာ အခကြေးငွေနဲ့ ပတ်စ်ပို့လုပ်ပေးတယ် တင်လို့ အဖမ်းခံရတယ်လို့ ကြားတယ်။ အဖမ်းခံရတာတော့ သေချာတယ်။ အသေးစိတ်တော့ မသိဘူး”

ပျဉ်းမနားမြို့နယ်မှ ပွဲစားအမျိုးသမီးကို ဖမ်းဆီးရန် လူကြီးတစ်ဦးက ညွှန်ကြားခဲ့ခြင်းဖြစ်ကာ ဝန်ထမ်းများကိုလည်း အကျိုးဆောင်ခ တောင်းယူခြင်းမပြုရန် ယာယီတားမြစ်ထားသည်ဟု နေပြည်တော်ပတ်စ်ပို့ရုံးမှ ဝန်ထမ်းနှင့် ဆွေမျိုးတော်စပ်သူ ပွဲစားတစ်ဦးက ပြောသည်။​

“လူမှုကွန်ရက် မတင်ဘဲနဲ့ သူ့ချိတ်နဲ့သူ ပွဲစားလုပ်နေတဲ့သူတွေ အများကြီးပါ။ ပတ်စ်ပို့ရုံး လုံခြုံရေးကစပြီး ဝန်ထမ်းမှန်သမျှ ပွဲစားတွေချည်းပဲ။ ရဲတွေ၊ သူတို့နဲ့ ပတ်သက်တဲ့ မိသားစုတွေလည်း ပါတယ်”

ပတ်စ်ပို့ရုံးဝန်ထမ်းများကိုယ်တိုင် ပွဲစားလုပ်နေသည်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲအရာရှိကြီးများကိုယ်တိုင် သိသော်လည်း အရေးမယူသည့်အပြင် နီးစပ်သူများကို သက်သာသောဈေးနှုန်းဖြင့် အလုပ်အပ်စေသည်ဟု ပွဲစားအချို့နှင့် ပတ်စ်ပို့လျှောက်ထားသူများက ဆိုသည်။​

“ပြည်ထဲရေးက ရဲတပ်ဖွဲ့ဝင်တွေကို တရားဝင်သဘောမျိုး လုပ်ခွင့်ပေးထားတာပါ။ ပတ်စ်ပို့ရုံးမှာ တာဝန်ကျတဲ့ ရဲဘော်တွေ၊ အရာရှိတွေက သူတို့မိသားစုဝင်တွေကို ပွဲစားလုပ်ခိုင်းပြီး ရုံးဝန်ထမ်းတွေနဲ့ ပေါင်းလုပ်နေကြတာ” ဟု ပွဲစားလုပ်သက် ၇ နှစ်ရှိသူတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီက နည်းပညာပိုင်း အဆင့်မြှင့်တင်ရန် အကြောင်းပြချက်ဖြင့် ပတ်စ်ပို့ရုံးများကို ယခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ရုတ်တရက်ပိတ်ပင်ခဲ့ပြီး တစ်လကျော်အကြာ ဖေဖော်ဝါရီ ၂၄ ရက်တွင်မှ ပြန်ဖွင့်ပေးခဲ့သည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စီးပွားရေးကျဆင်းလာခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါးလာမှုကြောင့် လူအများအပြား ပြည်ပထွက်ရန် ကြိုးပမ်းလာကြရာ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် နေ့စဉ် စောင့်ဆိုင်းနေသည့် လူတန်းကြီးများ တွေ့လာရသည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများသို့ တရားဝင်လမ်းကြောင်းမှ တစ်လလျှင် အလုပ်သမား သုံးထောင်မှ ငါးထောင်ကြား ထွက်ခွာနေကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သော Virtue International ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း Myanmar Now ကို ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးရာ၌ အခက်အခဲများ ကြုံတွေ့နေရသည့်နည်းတူ ပြည်တွင်း၌လည်း ပွဲစားအားကိုးဖြင့် နိုင်ငံကူးလက်မှတ်ရရှိရေး ငွေထုပ်ပိုက် လိုက်နေရသည်။

စစ်ဗိုလ်ချုပ်ကြီးများ ရုံးထိုင်ရာ နေပြည်တော်၌လည်း နိုင်ငံကူးလက်မှတ်ရရှိရေး ပိုက်ဆံသိန်းချီ ပေးနေရသည်။ လွန်ခဲ့သည့် သုံးလဝန်းကျင်က နေပြည်တော်တွင် ပတ်စ်ပို့တစ်ခုကို နှစ်သိန်းလေးသောင်းအထိ ပေါက်ဈေးရှိခဲ့ပြီး ပတ်စ်ပို့ရုံးမှ ဝန်ထမ်းများကို နှစ်သိန်းနီးပါးအထိ ပေးကာ အလုပ်အပ်နှံရသည်ဟု အမည်မဖော်လိုသူ အကျိုးဆောင်ပွဲစားတစ်ဦးက ပြောသည်။

“အပြင်အကျိုးဆောင်တွေလည်း ဝန်ထမ်းတွေနဲ့ ချိတ်ပြီး လုပ်ရတာပဲ။ အခု အကျိုးဆောင်အမျိုးသမီးကို ဖမ်းပြီးတော့ အပြင်ပွဲစားတွေနဲ့ ဝန် ထမ်းတွေကတော့ ငြိမ်နေကြတယ်။ ရဲတချို့ကတော့ သူတို့အကန့်နဲ့ လုပ်နေကြတာ တွေ့တယ်”

နေပြည်တော်တွင် ပတ်စ်ပို့လျှောက်ထားခဲ့သူတစ်ဦးကလည်း ရဲအရာရှိတစ်ဦး၏ အမျိုးသမီးနှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ရကြောင်း ဖွင့်ဟသည်။ “သူ့ယောက်ျားအကန့်နဲ့ သွားတယ် (အမျိုးသားဖြစ်သူ ရဲအရာရှိမှတစ်ဆင့်) ။ ဝန်ထမ်းတွေကလည်း ပြည်ထဲရေးနဲ့ ပတ်သက်တာဆိုတော့ လုပ်ပေးတယ်။ လုပ်ငန်းစဉ် မကြာဘူး။

အွန်လိုင်းမှတဆင့် ကြိုတင်ရက်ချိန်းယူသည့် စနစ်ဖြင့် စစ်ကောင်စီက ပတ်စ်ပို့ရုံးများ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း လက်တွေ့တွင် အ ဆင်မပြေမှုများရှိနေပြီး ရန်ကုန်မြို့၌ နိုင်ငံကူးလက်မှတ်ပေါက်ဈေးမှာ အမြင့်ဆုံး ကျပ်ကိုးသိန်းအထိ ရှိနေသည်ဟု သိရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s