နေပြည်တော်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း လက်နက်ကြီးဖြင့် ပစ်ခံရ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် အရှေ့တောင်ဘက်ရှိ လယ်ဝေးမြို့နယ်အခြေစိုက် အမှတ် ၆၀၄ ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မတ် ၁၃ ည ၇ နာရီခန့်တွင် တာဝေးပစ်လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်။

တောင်ဖီလာကျောက်ကွင်း၊ အောင်နန်းချိုကျေးရွာအနီးရှိ ခမရ ၆၀၄ တပ်ရင်းအတွင်းသို့ အဝေးပစ်လက်နက်တစ်လုံး ပေါက်ကွဲကြောင်း၊ ကျန်သုံးလုံးမှာ တပ်ရင်းအနီးအနားသို့ ကျရောက်ပေါက်ကွဲကြောင်း၊ ထိခိုက်မှုအသေးစိတ် မသိရသေးကြောင်း နေပြည်တော် PDF တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ခြေမြန်တပ်ရင်း လက်နက်ကြီးဖြင့် ပစ်ခံရသည်မှာ ဟုတ်မှန်ကြောင်း၊ တပ်ရင်းခြံစည်းရိုးအနီးတွင် သုံးလုံး ကျရောက်ပေါက်ကွဲကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားနှစ်ဦးကလည်း အတည်ပြုသည်။ ကျည်ကျရောက်ပေါက်ကွဲပြီးနောက် ခမရ ၆၀၄ တပ်ရင်းအတွင်းမှလည်း လက်နက်ကြီး နှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

“အသံက ခြောက်ချက်၊ အကျယ်ကြီးပဲ။ ကျောက်တွင်းတွေလည်းရှိတော့ ကျောက်မိုင်းခွဲတယ် ထင်တာ။ တပ်ဘက်က ပြန်ပစ်တာက နှစ်ချက်” ဟု ဒေသခံ ပထမသတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ယမန်နေ့ (မတ် ၁၃) ညတွင် အောင်နန်းချိုရွာ ဒေသခံများကို အပြင်မထွက်ရန်၊ မီးမထွန်းရန် စစ်တပ်က အမိန့်ပေးထားပြီး ယနေ့နံနက်ပိုင်းတွင်မူ လက်နက်ကြီးပစ်သည်ဟု ယူဆသည့် တပ်ရင်းအရှေ့ဘက်ခြမ်းသို့ စစ်သား  ၃၀ခန့် ထွက်ခွာသွားသည်ဟု ၎င်းက ဆိုသည်။

ယနေ့ (မတ် ၁၄) မွန်းလွဲပိုင်းတွင် အောင်နန်းချိုရွာနှင့် နှစ်မိုင်ခန့်အကွာ တောတွင်းတစ်နေရာတွင် အင်အား ၃၀ ပါ စစ်ကောင်စီတပ်နှင့် တော် လှန်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး သေနတ်သံ၊ လက်နက်ကြီးသံများ ကြားနေရသည်ဟု ဒေသခံ ပထမသတင်းရင်းမြစ်က ဆက်ပြော သည်။

ဒုတိယသတင်းရင်းမြစ်၏ အဆိုအရ ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပြီးကတည်းက တောင်ဖီလာလမ်းပေါ်တွင် စစ်ကားအများအပြား သွားလာနေသည်ဟု သိရသည်။

ခမရ ၆၀၄ ၏ တပ်ရင်းမှူးဖြစ်သူ အသက် ၃၈ နှစ်ဝန်းကျင် ဗိုလ်မှူးဟိန်းဇံထွန်းမှာ တော်လှန်ရေးအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲတစ်ခုအတွင်း ဒဏ်ရာရ၍ ဆေးကုသနေရသည်ဟု စုံစမ်းသိရှိရသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

နေပြည်တော်နှင့် မိုင် ၅၀ နီးပါးသာ ဝေးသည့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေသည်မှာ သုံးပတ်ခန့် ရှိလာချိန်တွင် လုံခြုံရေးအထူးတင်းကျပ်ထားသည့် နေပြည်တော်အခြေစိုက် စစ်တပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခံရခြင်းဖြစ်သည်။

“စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ဝိုင်းပတ်ခြိမ်းခြောက်ပြီးတော့ သူတို့ရဲ့ နောက်ချန်တပ်ရင်းကို ကျွန်တော်တို့ တိုက်ခိုက်တာပဲ” ဟု အထက်ပါ PDF တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက်ပိုင်းကလည်း လယ်ဝေးနှင့် ပျဉ်းမနားအစပ် အရှေ့ဘက်တောင်ကြောပေါ်တွင် ရှိသည့် အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးစခန်းကို တာဝေးပစ်လက်နက်ကြီး နှစ်လုံးဖြင့် နေပြည်တော် PDF က တိုက်ခိုက်ခဲ့သေးသည်။

အမှတ် ၆၀၄ ခြေမြန်တပ်ရင်းနှင့် ထိုအနီးရှိ ဆိတ်ဖူးတောင်အခြေစိုက် အမှတ် ၆၀၅ ခြေမြန်တပ်ရင်းတို့ သည် ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်အတွင်းရှိ လိပ်သိုဗျူဟာအတွက် စစ်ရေးလှုပ်ရှားကြသည့် တပ်ရင်းများ ဖြစ်သည်။

“တော်လှန်ရေးအင်အားစုတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ တစ်နှစ်တာစီမံချက်အတိုင်း အမိန့်ပေးကွပ်ကဲမှုစနစ်ကိုလည်း ကောင်းစွာလိုက်နာပြီးတော့ ဗျူဟာကျကျနဲ့ နေပြည်တော်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ချီတက်လာပြီ” ဟု နေပြည်တော် PDF တာဝန်ခံက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းကလည်း နေပြည်တော်မြို့အတွင်း သုံးရက်ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာသည်အထိ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေဆဲဖြစ်ရာ မြို့နယ်စုစုပေါင်း၏ ထက်ဝက်နီးပါးကို အပြည့်အဝမအုပ်ချုပ်နိုင်ဟု ဇန်နဝါရီလကုန်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s