ပင်လောင်းမြို့နယ် သံဃာ ၃ ပါးအပါအဝင် ဒေ သခံ လူ ၃၀ ကျော် အစုလိုက် အသတ်ခံရမှု နိုင် ငံတကာတရားရုံးများအထိ တိုင်ကြားရန်စီစဉ်နေ
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နမ်းနှိမ်ကျေးရွာမှာ စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ သံဃာ ၃ ပါးအပါအဝင် ဒေသခံ ၃၀ ရဲ့ အမှုကို ဒေသတွင်း အရပ် ဖက်အဖွဲ့အစည်းများက နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုနိုင်ရန် စီစဉ်နေကြောင်း ဒေသခံများက ပြောပါတယ်။
ကရင်နီနဲ့ ရှမ်းတောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပေါင်းစုံပါတဲ့ အဖွဲ့က ပင်းလောင်းမြို့နယ် နမ်းနှိမ်ရွာကို နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာ ရွာ ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံထားရတဲ့ သံဃာတော် ၃ ပါး နဲ့ ဒေသခံ ၃၀ကျော် ရုပ်အလောင်းတွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရတာလို့ ဆိုပါတယ်။
KNDF က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ သေဆုံးသူတွေဟာ ဘုန်းကြီးကျောင်းနံရံရှေ့ မှာ အစုလိုက် သေဆုံးနေကြပြီး သေဆုံးသူတွေနောက်က နံရံမှာတော့ ကျည်ဆံတွေမှန်ထားတာကို အများအပြား တွေ့ရပါတယ်။
မတ်လ ၁၀ ရက်နေ့က နမ်းနှိမ်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့ မနက် ၅ နာရီခန့်မှာလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံများမှာ ကြောက်လန့်ပြီး နမ်းနှိမ်ရွာဘုန်းကြီးကျောင်းထဲတွင် တိမ်းရှောင်ခိုလှုံနေစဉ် စစ်ကောင်စီတပ်သားများ ဝင်ရောက်ပြီး ဘုန်ကြီးကျောင်းထဲက သံဃာ ၃ ပါးအပါအဝင် ဒေသခံ အယောက် ၃၀ တို့ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
KNDF ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်များ ရွာထဲဝင်ရောက် လာတာကို ကင်းထောက်များကတွေ့ရှိပေမယ့် အင်အားမမျှဖြစ်နေတာကြောင့် ကရင်နီလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ KNDF, PDF,KA အဖွဲ့တို့က ဝင်မကူနိုင်ခဲ့ခြင်းမရှိလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
” ရုပ်အလောင်းတွေကို စိစစ်ရေးလုပ်နေတယ် ၊ သေဆုံးသူတွေက အမျိုးသားတွေဖြစ်သလို ပအိုဝ်း နဲ့ ကယန်း တွေဖြစ်နိုင်တယ်။ အဲဒီဒေသမှာတော့ တိုက်ပွဲဆက်ရှိတယ် ” လို့ ကရင်နီကာကွယ်ရေးတပ် KNDF က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
အခု ပင်လောင်း နမ်းနှိမ်ရွာက အစုလိုက် အသတ်ခံရပြီး သေဆုံးသူတွေဟာ ဘာကြောင့် အခုလို အသတ်ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှင်း ရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီနေရာဟာ ပအိုးဝ်စစ်ရှောင်တွေ ခိုလှုံနေတဲ့ နေရာဖြစ်တယ်လို့ ပြောဆိုကြပြီးတော့ စစ်ကောင်စီတပ်ဘက်က ပအိုဝ်းနဲ့ ကယန်းကာကွယ်ရေးတပ်တို့အကြား လူမျိုးရေးအထင်အမြင်လွဲမှားအောင် လုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ KNDFက ပြောပါတယ်။
KNDF ဘက် ထုတ်ပြန်ချက်မှာ တော့ စစ်ကောင်စီ စစ်ကြောင်းလာချိန်မှာ ဘုန်းကြီးကျောင်းထဲ ခိုလှုံနေသူတွေဖြစ်ပြီး စစ်ကြောင်းနဲ့တိုးလို့ သတ်ဖြတ်ခံရတာ ဆိုတဲ့ ပြောဆိုချက်တွေရှိပါတယ်။
လက်ရှိ အဲဒီဒေသထဲ စစ်ကောင်စီတပ်တွေကို KNDF နဲ့ ရှမ်းတောင် PDF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုဖြစ်စဉ်ဟာ KNDF , KNPP နဲ့ တချို့သောပအိုဝ်းခွဲထွက်တွေက ဝိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ကို တစ်ဖက်သတ်စွပ်စွဲခဲ့တာဖြစ်တယ် လို့ တုန့်ပြန်ပြောဆိုထားပါတယ်။
မတ်လ ၁၁ ရက်နေ့ မနက် ၁၁နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနှိမ်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ဝန်းကျင် မီးရှို့ခံခဲ့ရနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး ကယား (ကရင်နီ) ပြည်နယ်က မြို့နယ်အများစုနဲ့ ကရင်နီပြည်နယ်ထဲကို ဝင်ရောက်နိုင်တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြိုဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။mizzima