ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် သစ်ခိုးထုတ်မှုများ ရှိနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှတစ်ဆင့် ရိုးမအတွင်း PDF များအားနှိမ်နင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ဇာမနည်တောင် ၄၇ ပေါက်မှတစ်ဆင့် ယခုသတင်းပတ်အတွင်း သစ်တန်ချိန် ၁၀၀ ကျော်ကို ခိုးထုတ်သယ်ယူနေကြောင်း ရိုးမအတွင်းရှိ PDF တပ်ခွဲမှုး တစ်ဦးမှ မဇ္ဈိမကို ပြောသည်။

မင်းလှမြို့နယ်အရှေ့ဘက် လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြောက်ဇာ မရီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဘက်သို့ စစ်ကောင်စီတပ်များမှ PDF များရှိနေသည်ဟုဆိုကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် သစ်များခိုးထုတ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များ ခိုးထုတ်နေသည့် သစ်များသည် ရိုးမအတွင်း ယခင်ကတည်းက သစ်ခုတ်နေကြသော သစ်သမားများထံမှ ဖမ်းဆီးကာ သိမ်းယူသယ်ထုတ်နေသော သစ်များဖြစ်ကြောင်းလည်း ဆိုသည်။

“ပြည်က တပ်မမှုးကိုယ်တိုင်ဦးဆောင်ပြီး ပြည်သူတွေကိုတော့ PDF တွေကိုဖမ်းဖို့ ဘာညာနဲ့ပြောလာတယ်၊ အမှန်က သူတို့ ဖမ်းသစ်တွေကို ခိုးထုတ်ဖို့ဝင်လာတာ၊ ကား ၁၁ စီးတက်လာတာ လေးစီးပဲ ပြန်ဆင်းသွားသေးတယ်၊ အခုလက်ရှိ ရိုးမထဲမှာ သူတို့ အင်အား ၁၀၀ ကျော်လောက် ကျန်နေသေးတယ်လို့ခန့်မှန်းတယ်” ဟု ရိုးမအတွင်းရှိ PDF တပ်ခွဲမှုးတစ်ဦးမှ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ရိုးမအတွင်း ဝင်ရောက်လာစဉ်က လက်နက်ကြီး လက်နက်ငယ်များပစ်ဖောက်ကာ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ လွတ်လွတ်လပ်လပ်ခိုးလို့ရအောင် ပစ်ခတ်ပြီးတော့မှ ဝင်လာတာ၊ သူတို့ခိုးထုတ်နေတာကို ရိုးမထဲမှာရှိတဲ့ PDF တွေ အကုန်သိတယ်၊ ကျွန်တော်တို့ ဘက်ကလည်း သူတို့ကို စောင့်ကြည့်နေတယ်၊ ဒီကိစ္စကို ဘယ်လိုတားဆီးလို့ရနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ရိုးမအတွင်းရှိ PDF တပ်ခွဲမှုးက ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကသစ်တောများတည်ရှိရာ ပဲခူးရိုးမအတွင်းတွင် ဆိုးရွားသော သစ်တောပြုန်းတီးမှု ဖြစ်နေပြီး တောင်များသည်ပင် တောင် ကတုံး ဖြစ်နေသောကြောင့် ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်မှုကို ၂၀၁၇−၂၀၁၈ ဘဏ္ဏာနှစ်မှစတင်ကာ ၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်တိတိ ရပ်ဆိုင်းကြောင်းကို ၂၀၁၆ ခုနှစ်တွင် သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြုန်းတီးနေသော သစ်တောများကို ပြန်လည်ထူထောင်ရေး လုပ်ရန်အတွက် သစ်ထုတ်လုပ်မှုကို ဆယ်စုနှစ်တစ်ခုကြာ ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း NLD အစိုးရလက်ထက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်ဟောင်း တစ်ဦးက မဇ္ဈိမကို ပြော သည်။

“ပဲခူးရိုးမထဲမှာက ယခင်က သစ်ခိုးခုတ်သစ်ခိုးထုတ်တင်မဟုတ်ဘူး ကုမ္ပဏီ တွေနဲ့ကို တရားဝင်ခုတ်နေထုတ်နေတာတွေလုပ်ခဲ့တယ်၊ ဒီလိုတွေတရားဝင် လုပ်လို့လည်းပြည်သူမှာက ဘာအကျိုးအမြတ်မှမခံစားရဘူး၊ သစ်ကိုစျေးကြီးပေးတောင်ဝယ်သုံးနေကြရတာပဲ၊ ပဲခူးရိုးမမှာလည်း သစ်တောတွေ တော်တော်ပြုန်းတီးသွားတယ်၊ အဲ့တာကြောင့် NLD အစိုးရလက်ထက်မှာ ပဲခူးရိုးမအတွင်း သစ်တောပြန်လည်တည်ထောင်ရေးအတွက် စလုပ်ခဲ့တယ်၊ ဒီအတွက် ဘတ်ဂျတ်တွေလည်းချပေးခဲ့တယ်၊ ဒီလိုပြန်လည်တည်ထောင်ရေး လုပ်နေတဲ့ ကာလမှာ တစ်ဖက်ကလည်း သစ်ထုတ်လုပ်မှုတွေကို ဆယ်နှစ်ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်ဟောင်းက ပြော သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ပဲခူးရိုးမအတွင်း သစ်တောကြိုးဝိုင်းအားလုံးကို ထိန်းချုပ်သွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ သစ်ခုတ်ခြင်းကိုလည်း တားမြစ်သွားမည်ဟု NLD အစိုးရက ၂၀၁၆ ခုနှစ်တွင် ပြောကြားထားသည်။

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများမှ ကာကွယ်ရန် သစ်တောကြိုးဝိုင်း နှစ်ခုကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သို့သော်လည်း NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်အထိ ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများရှိနေသေးပြီး သက်ဆိုင်ရာဝန်ထမ်းများအနေ ဖြင့်လည်း အဂတိလိုက်စားမှုများရှိနေသည့်အတွက် သစ်ခိုးထုတ်နေမှုများကို ထိန်းချုပ်ရန် ခက်ခဲနေကြောင်း NLD ပဲခူးတိုင်းအစိုးရအဖွဲ့ သစ် တောဝန်ကြီး ဒေါက်တာစောညိုဝင်းမှ ပြောကြားခဲ့ဖူးသည်။

“သစ်ခိုးခုတ်တဲ့ ခိုးထုတ်တဲ့ကိစ္စတွေမှာ စဉ်းစားကြည့်ရင် ခုတ်တဲ့သစ်ခုတ်သမားက ဘယ်လောက်များရမှာလဲဗျာ၊ ခုတ်တဲ့သစ်ခုတ်သမားတွေသာ အဓိက အကျိုးအမြတ်ရနေတာဆိုရင် သူတို့ချမ်းသာနေတာကြာပေါ့၊ သူတို့ကတော့ ဒုံရင်းဒုံရင်းပဲလေ၊ အဲ့တော့ အကျိုးအမြတ်က ဘယ်သူက ရနေပြီး နောက်ကွယ်ကဘာလဲ ဆိုတာ စဉ်းစားသာကြည့်တော့” ဟု မင်းလှမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ပဲခူးရိုးမအတွင်းတွင် သစ်တောကြိုးဝိုင်းအရေအတွက် ၉၇ ခုနှင့်အထက်ရှိပြီး ကြိုးဝိုင်းတောဧရိယာ ၃.၂၉ သန်းဧက ကျယ်ဝန်းကာ ကြိုးပြင်ကာကွယ်တော အရေအတွက် ကိုးခုရှိသည်ဟု သစ်တောဦးစီးဌာန၏ စာရင်းအချက်အလက်များ အရသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s