မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၊ ဒေသခံ ၃၀ ဦးဖမ်းဆီး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံ ၃၀ ဦးပါ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှသိရသည်။
မတ်လ ၁၃ ရက်နေ့တွင် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မြွေကူးတို့၊ မြွေဟင်္သာ၊ မြွေပုသိမ်ရွာတို့ကို စစ်ကြောင်းထိုး မီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယူနီကွန်ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
စကျင်ကျေးရွာ၊ စကျင်ကျောက်ပြားစက်ရုံအနီး၊ စကျင်တောင်ကြောတွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ယူနီကွန် ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။
” ကျွန်တော်တို့ မြွေရွာတွေဘက်ကို သဲကြီး မဲကြီးမွှေနေတာ။ ရက်ဆက်နေပြီ။ ဝင်တဲ့ရွာတိုင်း အရှို့ခံရတယ်။ တစ်ရွာကို သုံးလေးအိမ် အရှို့ခံရတယ် “ဟု မြွေတလိုင်းရွာသား တစ်ဦးက ပြောသည်။
ထို့ကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မတ္တရာ အနောက်ခြမ်းကျေးရွာ အသီးသီးမှ ဒေသခံ ၃၀ ဦးကျော်ကို ဝေါစုရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။
” အကြောင်းမဲ့သက်သက် ဖမ်းတယ်။ ရိုက်တာ ဆဲတာတွေ လုပ်ပြီးဖမ်းတာပဲ”ဟု မြွေကူးတို့ ကျေးရွာသားတစ်ဦးက သူမြင်တွေ့ခဲ့ရသည်ကို ပြောပြသည်။
မတ်လ ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဖမ်းဆီးထားသည့် ဒေသခံ ၃၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းကို မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းနှင့် ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးကြောင်း တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့မှလည်း ထုတ်ပြန်ထားသည်။mizzima