ရေဖြူမြို့နယ်တွင် ကျန်းမာရေးမှူးဟောင်းအပါအဝင် ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာနေ ပျူစောထီးတယောက် မတ်လ ၁၂ ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီးနောက် နေ့လယ်ပိုင်းမှာ ဇာဒီရွာက ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်း၊ ဒေါ်အောင်မဲနဲ့ တူဝရီး ကိုအောင်ကျော်တို့ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
ဦးအောင်မင်းတို့ကို သူတို့ရဲ့အိမ်မှာပဲ မောရဝတီရေတပ်က စစ်သားတွေ လာဖမ်းသွားတာဖြစ်ပြီး လက်ရှိ ဘယ်မှာ ချုပ်နှောင်ထားတယ် ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မတ် ၁၂ ရက် မနက်ပိုင်း ဦးလားလားနေအိမ် ပစ်ခတ်ခံရမှုမှာ ထွက်ပြေး လွတ်မြောက်ခဲ့တာ ကြောင့် လူထိခိုက်ဒဏ်ရာရ တာမျိုး မရှိခဲ့ဘဲ ဘယ်သူတွေက လာရောက် ပစ်ခတ်ခဲ့တယ်ဆို တာကိုလည်း မသိရသေးပါဘူး။
ဦးလားလားဟာ ပြည်သူ့စစ်အဖွဲ့ဝင်တဦးလည်းဖြစ်သလို ကံပေါက်နယ်မြေရဲစခန်းမှ ဗိုလ်လေးနဲ့ အတူ ကားမိုင်းဆွဲခံရရာတွင်လည်းပါဝင်ကာ ဒဏ်ရာရခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း သူ့နေအိမ် တကြိမ် ပစ်ခတ်ခံရသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။
မတ် ၁၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာလည်း ကလိန်အောင်မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျောက်ရှပ်ရွာ၊ ဇင်းဘာရွာ၊ မိကျောင်းလှောင်ရွာတွေက နေအိမ်အချို့ကို စစ်တပ်က စာရင်း အတိအကျနဲ့လာပြီး ဝင်ရောက်စစ်ဆေးဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်နေသူ တဦးက “အမှတ် ၃ ရပ်ကွက်မှာ လူမရှိတဲ့ အိမ်တလုံးကို PDF အိမ်ဆိုလို့ စွပ်စွဲပြီး စစ်သားတွေ ရိုက် ဖျက်တယ်။ အမှတ် ၂ မှာက မိန်းကလေး တယောက်နဲ့ ရွာသစ်(မိကျောင်းလှောင်)မှာက မိသားစုတစုလုံး ဖမ်းသွားတယ်။ ဇင်းဘာရွာဘက် တွေလည်း ဝင်ရှာနေတယ်”လို့ ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အမှတ် ၂ ရပ်ကွက်မှ မမိုးမြတ်နဒီထွေးနဲ့ မိကျောင်းလှောင်ရွာသစ်မှ ကိုကျော်သူထွေး မိသားစုတို့ ဖြစ်ပါတယ်။
ကလိန်အောင်မြို့ အထွက် တံတားမှာ မတ် ၉ ရက်က အမျိုးသမီး ၂ ယောက် အဖမ်းခံရပြီးနောက် ခမရ ၄၁၀ မှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလက ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာလည်း သက်ကြီးပိုင်းတွေ အပါဝင် ဒေသခံ ၃၀ နီးပါး စစ်ဆေးထိန်းသိမ်းခံခဲ့ရပြီး မမီးသက်ဆိုသူ အမျိုးသမီး တဦးမှလွဲပြီး အားလုံးပြန်လွတ်လာခဲ့ပါတယ်။DVB