လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး၌ မြန်မာအမျိုးသမီးများ၏ အသံကို ချန်လှပ်ထား

မြန်မာ့အရေးအတွက် တနင်္လာနေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး၌ မြန်မာအမျိုးသမီးများ၏ အသံကို ကြားရခြင်း မရှိသဖြင့် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂဆိုင်ရာ နော်ဝေသံအမတ်ကြီးက ပြောသည်။
အဆိုပါ တံခါးပိတ် တိုင်ပင်နှီးနှောမှုတွင် မြန်မာဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာက လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
လုံခြုံရေးကောင်စီက ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့သော မြန်မာအရေး ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အား အကောင်အထည်ဖော်ရေးတွင် သူမ ၏ ကြိုးပမ်းအားထုတ်မှုများကို ကောင်စီထံ ဟေဇာက တင်ပြလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး စေ့စပ်ညှိနှိုင်းရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ရေးတို့ကို တောင်းဆိုထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေးတွင် ကုလ သမဂ္ဂ၏ ပံ့ပိုးမှုများအား တင်ပြရန် ကောင်စီ၏ မေတ္တာရပ်ခံချက်ကို နိုလင်း ဟေဇာက တုံ့ပြန်တင်ပြသွားမည် ဖြစ်သည်။
ယခု တံခါးပိတ် အစည်းအဝေးတွင် လက်ရှိအခြေအနေများအပေါ် ခြုံငုံသုံးသပ်ချက်နှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အဓိကပုဂ္ဂိုလ်များနှင့် ဆွေးနွေးမှုများကိုလည်း နိုလင်းဟေဇာအနေဖြင့် တင်ပြသွားရန် ရှိသည်။ ထိုပြင် လူသားချင်း စာနာထောက်ထားရေး အကူအညီ၊ ရိုဟင်ဂျာ ပညာရေး၊ အမျိုသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် အခြားသော အသံတိတ်နေသည့် ကိစ္စရပ်များကိုပါ အထူးသံတမန်အနေဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း သိထားရသည်။
နိုလင်းဟေဇာ၏ ကောင်စီသို့ အစီရင်ခံစာ တင်ပြပြီးသည့်နောက်တွင် ကုလသမဂ္ဂက မီဒီယာအတွက် “တိုက်ရိုက်” အွန်လိုင်းသတင်းစာရှင်း လင်းခြင်းကို ရှင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖျက်သိမ်းလိုက်သည်။
ကုလသမဂ္ဂ အထူးသံတမန် ဟေဇာအနေဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး အများပြည်သူသို့ ထုတ်ပြန်ချက်ကို ကြာသပတေးနေ့တွင် ထုတ်ပြန်သွားရန် ရှိသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အကျပ်အတည်းနှင့် ပတ်သက်ကာ နိုင်ငံတကာ ဆွေးနွေးမှုတွင် မြန်မာအမျိုးသမီးများ မပါဝင်ရခြင်းနှင့် လုံလောက်သော ပြောဆိုရခြင်းများ မရှိခဲ့သည်ကို သိရှိ၍ ကုလသမဂ္ဂဆိုင်ရာ နော်ဝေအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး မိုနာဂျူက မြန်မာ NGO ကိုယ်စားလှယ် အမျိုးသမီးနှစ်ဦးတို့အား ကုလသမဂ္ဂမှာပင် စကားပြောဆိုခွင့်ရအောင် စီမံပေးခဲ့သည်။ Woman Advocacy Coalition Myanmar မှ မမေစံပယ်ဖြူနှင့် Women’s League of Burma မှ မနော်ဆာဆာတို့က ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည်မှာ နှစ်နှစ်ကြာမြင့်ပြီး အခြေအနေမှာ စိုးရိမ်ပူပန်နေရကာ လူသားချင်း စာနာထောက်ထားရေး အကူ အညီ လိုအပ်သူ ပြည်သူပေါင်း ၁၇ သန်းကျော် ရှိနေကြောင်း မိုနာဂျူက မှတ်ချက်ပြုသည်။
အာဏာသိမ်းမှုသည် အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးများအတွက် ဆယ်စုနှစ်ချီ နောက်ကြောင်းပြန်သွားစေခဲ့သည်။ အမျိုးသမီး အ ခွင့်အရေး ခုခံကာကွယ်သူများသည် နိုင်ငံရေး ပစ်မှတ်ထားခံရပြီး အဓမ္မ ဖမ်းဆီးခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်းနှင့် သေဆုံးရခြင်းများ ရှိနေသည်။ အမျိုးသမီး အများစုသည် ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံမှ ထွက်ပြေးကြရသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလက အမျိုးသမီးများ ဦးဆောင်သော လူမှုအဖွဲ့အစည်းများ အားကောင်းကာ ခိုင်မာသည့် ကွန်ရက်ကို ထူထောင်နိုင် သည်။ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် မူဝါဒဖွံ့ဖြိုးမှုများတွင် အဓိကဖြစ်လာခဲ့သည်။
အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူများအနေဖြင့် သိသာသော စိန်ခေါ်မှုများ ရှိလင့်ကစား ဖွဲ့စည်းထားသော ကွန်ရက်များနှင့် သီးခြားရပ် တည်သော အခွင့်အရေး ကာကွယ်သူများသည် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် အဓိက ခေါင်းဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး နိုင်ငံအတွက် နိုင်ငံရေးအနာဂတ်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အနာဂတ်အား ကယ်တင်နိုင်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်သော အမျိုးသမီးများ အပါအဝင် အမျိုးသမီး အရပ်ဘက်အဖွဲ့အစည်းအား ကာကွယ်ပေးနိုင်ရေး လိုအပ်ကြောင်း မိုနာဂျူက ပြောသည်။
မြန်မာအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ညွှန်ပြလျက် ယခု တံခါးပိတ် အစည်းအဝေးတွင် “အရပ်ဘက်အဖွဲ့အစည်း အကျိုးဆောင်သူများ” ပါဝင်မည်မဟုတ်ဟု မိုနာဂျူက ပြောဆိုသည်။ ယင်းသည် ထိခိုက်မှု အရှိဆုံးသူများထံမှ တိုက်ရိုက်ကြားနာရခြင်းကို ကောင်စီအတွက် လမ်းပိတ်လိုက်ခြင်းပဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။ “ဒါကြောင့် မြန်မာအမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ တင်ပြနိုင်ဖို့က အရေးကြီးတယ်လို့ ကျွန်မတို့အနေနဲ့ ထင်မြင်တယ်”ဟု မိုနာဂျူက ပြောသည်။
ကုလသမဂ္ဂ အထူးသံတမန်သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG )နှင့် စစ်ကောင်စီအား အတိုက်အခံပြုနေသည့် အခြားသော ကိုယ် စားလှယ်များနှင့် တရားဝင်တွေ့ဆုံခြင်း မရှိသည်ကို စိုးရိမ်ပူပန်ကြောင်း မမေစံပယ်ဖြူနှင့် နော်ဆာဆာတို့က ပြောဆိုသည်။
မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံခြင်းနှင့် မြန်မာပြည်သူ အများစုက တရားမဝင်ဟု သတ်မှတ်ထားသည့် စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းရေး တိုက် တွန်းခဲ့ခြင်းတို့ကြောင့် နိုလင်ဟေဇာသည် ယခင်က လူသိရှင်ကြား ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရဖူးသည်။
ရှိဆဲ သံခင်းတမန်ခင်းနှင့် စေ့စပ်ညှိနှိုင်းမှုများနှင့် လုပ်ငန်းစဉ်များ အလုပ်မဖြစ်ခြင်းတို့ကြောင့် မိမိတို့အနေဖြင့် ပြောရေးဆိုခွင့် မတတ်နိုင်ကြောင်း မမေစံပယ်ဖြူက ပြောသည်။ “အခု ရှိနေတဲ့ လုပ်ငန်းစဉ် မူဝါဒတွေက အလုပ်မဖြစ်ဘူး၊ ဒါကြောင့် ဖြေရှင်းနည်း လမ်းသစ်ကို ကျွန်မတို့ ရှာရမယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ သေတ္တာထဲကထွက်ပြီး စဉ်းစားလာလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ မြန်မာအ ရေး ကိုင်တွယ်ဖြေရှင်းရေးဟာ အာဆီယံတာဝန်သက်သက်ပဲ မဟုတ်သလို ထိရောက်တဲ့ ရလဒ်တွေနဲ့ ဖြစ်ထွန်းမှုတွေ ရှိလာဖို့ နည်းလမ်းသစ် ရှာရမယ်”ဟု ၎င်းက ပြောသည်။
သူတို့အနေဖြင့် သံတမန်များ မဟုတ်သော်လည်း နိုင်ငံအတွင်း နေထိုင်နေသူ ပြည်သူများ၏ အသံများနှင့် ဆင်းရဲဒုက္ခများကို ကိုယ်စားပြုသူ များ ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်မတို့ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေဖြစ်တယ်၊ ကျွန်မတို့ရဲ့ အခြေအနေကို ကုလသမဂ္ဂ အထူးသံတမန်က နေရာယူထားတာကြောင့် ကျွန်မတို့ နှစ်သက်မှု မရှိပါ၊ ကျွန်မတို့ ဒါကို နားလည်ပါတယ်၊ နိုင်ငံ ရေးတစ်ခုလုံးကနေ စစ်တပ်ကို ဖယ်ရှားဖို့ဆိုတာ ခက်ခဲလိမ့်မယ်၊ မဖြစ်နိုင်ဘူးလို့ တော်တော်များများက ပြောကြတယ်၊ ဒါပေမဲ့ ကျွန်မတို့က ကိုယ်တိုင်ဒုက္ခခံစားနေရသူတွေပါ”ဟု မမေစံပယ်ဖြူက ပြောသည်။
NLD အစိုးရသည် စစ်တပ်နှင့် အပေးအယူတည့်အောင် များစွာ လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်က အလုံးစုံအာဏာကိုသာ ရချင်နေ၍ စေ့ စပ်ညှိနှိုင်းမှုများနှင့် အပေးအယူတို့က မည်သည့် ရလဒ်မှ မထွက်လာခဲ့ကြောင်း ၎င်းက ပြောသည်။ “ဒါက ကျွန်မတို့ရဲ့ အခြေအနေအပေါ် ထဲထဲဝင်ဝင် ရှုမြင်မှုပါပဲ”ဟု ၎င်းက ဆိုသည်။
“စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ အကြောင်းပြချက် များစွာ ပေးနိုင်ပါတယ်၊ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ၊ တိုင်းပြည်ထဲမှာ ဒုက္ခခံစားနေရသူ ပြည်သူတွေအတွက် ဘဏ္ဍာရေးရင်းမြစ်တွေ ပေးတာမျိုးတွေမှာပေါ့၊ ဒါပေမဲ့ ဒါတွေ အားလုံးဟာ တရားမဝင် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာပဲ ဖြစ်တယ်”ဟု မမေစံပယ်ဖြူက ပြောသည်။
“ကုလသမဂ္ဂနဲ့ အထူးသံတမန်ဟာ တရားမဝင် စစ်ကောင်စီနဲ့ လူသိရှင်ကြား တွေ့နိုင်သေးတယ်ဆိုရင် မြန်မာပြည်သူ တော်တော်များများက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားတဲ့ NUG နဲ့ ဘာကြောင့် မတွေ့နိုင်ရတာလဲ”ဟု မမေစံပယ်ညိုက မေးခွန်းထုတ်သည်။
မနော်ဆာဆာကလည်း “အမှန်တော့ ကျွန်မတို့တွေမှာ ဒီမိုကရေစီ လိုလားသူတွေ အများအပြား ရှိနေတယ်၊ ERO၊ NUG၊ NUCC စသဖြင့်ပေါ့၊ သူတို့တွေနဲ့ အထူးသံတမန် တရားဝင် လူသိရှင်ကြား တွေ့ဆုံခဲ့တာမျိုး ကျွန်မတို့ မမြင်တွေ့ရဘူး၊ ဒါပေမဲ့ စစ်ကောင်စီနဲ့ကျတော့ သူဟာ တရား ဝင် လူသိရှင်ကြား တွေ့ဆုံတယ်၊ ဒီအတွက် အခုအထိ ရုန်းကန်နေရဆဲဖြစ်တဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေနဲ့ကျ ဘာကြောင့် မတွေ့ရတာလဲဆိုတာ မေးစရာပါပဲ၊ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူသိရှင်ကြား တွေ့ဆုံဖို့ သူ့ကို တွန်းအားပေးပါတယ်၊ ဒါက အချက်တစ်ချက်ပါပဲ”ဟု ပြောဆိုသည်။
မြန်မာပဋိပက္ခသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီး စစ်ပွဲနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် နိုင််ငံတကာ ဖိုရမ်များတွင် အရေးလုပ်ရကာ ၂၀၂၁ မှ ဖြစ်ပွားခြင်းမဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကျော်ကြာနေပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ကချင်နှင့် ကရင်ကဲ့သို့ တိုင်းရင်းသားအုပ်စုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု များစွာကို ရင်ဆိုင်ခဲ့ရသော်လည်း မိမိတို့ အစီရင်ခံတင်ပြနိုင်ရန် အခွင့်အရေး မရခဲ့ကြောင်း မနော်ဆာဆာက ပြောသည်။
အတိတ်ကနေ လက်ရှိအထိ ပြန်ကြည့်သည့်အခါ စစ်တပ်ကပဲ တစ်ဦးတည်းသော ကျူးလွန်သူဖြစ်သည်ဟု ၎င်းက ပြောသည်။
“ရှည်ကြာစွာ ခံစားနေရပြီး ရုန်းကန်နေရတဲ့ မြန်မာပြည်သူများအတွက် ဖြေရှင်းနည်းကို ရှာဖို့ လုံခြုံရေးကောင်စီအနေနဲ့ ရှေ့ရှုစေချင်မိပါတယ်”ဟု ၎င်းက မှတ်ချက်ချပြီး ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်နေခြင်းကြောင့် လောင်စာအပါအဝင် လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်း လိုအပ်ကြောင်းကိုလည်း ထောက်ပြပြောဆိုသည်။ mizzima