အင်းတော်၌ စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ ဝက်လက်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ  မတ်လ ၁၂ ရက် မနက်အစောပိုင်းက  KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးလက်နက် ကြီးတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကား ၂ စီး ပျက်စီးကာ စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပြောပါတယ်။ 

ကသာ-နဘား ကားလမ်း ကျောက်ခွဲစက်အနီးမှာ ကသာ ၃၀၉ တပ်ကနေ ထွက်လာတဲ့ စစ်ကား ၄၆ စီးပါတဲ့ ယာဉ်တန်းကို IA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အင်းတော် PDF အဖွဲ့ဝင်တစ်ယောက်က” ပျက်စီးသွားတဲ့ ကား နှစ်စီးကိုအရပ်သားကားနဲ့ ပင်းမလွတ်ရွာဘက်ကို ဆွဲယူသွားတယ်။ သေတဲ့သူ‌ တွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကိုတော့ ပင်းမလွတ်ရွာဘက်နဲ့ အင်းတော်ဘက်ကို သယ်ယူခဲ့ကာ သေတဲ့ အလောင်းတွေကို စစ်တပ်ကုန်းမှာပဲ မြုပ်ခဲ့ကြတယ် မိမိတို့ဘက်က အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် ” လို့ ပြောပါတယ်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အင်းတော်မြို့ထဲမှာ စစ်ယာဥ်တန်း ၄၀ စီးကျော် ရောက်ရှိနေပြီး စက်ကုန်းဘုန်းကြီးကျောင်း၊ လက်ပံကုန်းဘုန်းကြီးကျောင်း၊ လဝကရုံးနဲ့ အင်းတော်ဘောလုံးကွင်းထဲမှာ နေရာယူတပ်ဆွဲထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာလည်း ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေကို Black Wolf-Army က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနားမှာ အင်အား ၅၀ ခန့် ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်း ပြည်သူပိုင်နေအိမ်တွေကို မီးရှိ့ဖျက်ဆီးနေတယ်လို့ သတင်းရတဲ့အတွက် မတ်လ ၁၁ ရက် မွန်းလွဲ ၁နာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ Black Wolf Army က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီကောင်တွေ နေအိမ်တွေကို မီးစရှို့နေတယ်ကြားလို့ သွားတိုက်ခဲ့တာ အပြန်အလှန်တိုက်ပွဲ ဖြစ်တယ်။ ဒီကောင်တွေဘက်က ၅၀ ခန့်ရှိမယ် ဒဏ်ရာရတာတွေတော့ရှိနိုင်တယ် သေချာတော့ မပြောနိုင်ဘူး။ တိုက်ခိုက်မှုအပြီးမှာလည်း ပြည်သူအိမ်တွေကို ဖျက်ဆီးပြီး လက်နက်တွေကို လျှောက်ပစ်နေတာတွေရှိတယ်” လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်အကျဆုံးမရှိခဲ့ပေမဲ့ ည ၇ နာရီလောက်မှာ လူနေအိမ်တွေကို စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ၁၂  ချက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။

ဟန်လင်းကျေးရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ရွှေဘိုနယ်ထဲက တခြား ရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်မှုတွေပိုမိုလုပ်ဆောင်နိုင်ဖို့အရေး ငွေကြေးနဲ့အခြားအကူညီတွေလိုအပ်နေပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s