KNUတပ်မဟာ(၅)နယ်မြေတွင် KNLA နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ ၊ ဖာပွန်ခရိုင်အတွင်းသို့ နယ်မြေကျူးကျော်ကာ စခန်းအထိုင်ချထားသော စစ်ကောင်စီတပ်စခန်းများအား KNLA က တိုက်ခိုက်ရာ လေးရက်အတွင်း စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ (၅) မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
“တပ်မဟာ(၅) မှာက တိုက်ပွဲတွေက နေ့တိုင်းလိုဖြစ်နေတာပါ။ တိုက်ပွဲဖြစ်တိုင်းလည်း သူတို့က ရွာထဲကို အမြောက်တွေနဲ့ ပစ်နေတာပါ။ လေယာဉ်နဲ့ပစ်မလား စခန်းတွေကနေ ပစ်မလားသာ မသိရတာပါ” ဟု တပ်မဟာ (၅) KNU သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
မတ်လ ၁၁ ရက်နေ့တွင် KNU တပ်မဟာ (၅)နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNUတပ်မဟာ (၅) မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁၀ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ တာဘူးကျိုးရှိ စစ်ကောင်စီတပ်စခန်း၊ ကူးဆိပ်ကျေးရွာနှင့်မြေနီကုန်းအကြားရှိ စစ်ကောင်စီတပ်စခန်း ထိုစခန်းနှစ်ခုအား တပ်မဟာ (၅) KNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဆိုင်ကယ်တစ်စီး ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် နားကူနားရှိ စစ်ကောင်စီတပ်စခန်းအား နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင်တစ်ကြိမ် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေး သားဖော်ပြထားသည်။
မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒွယ်လိုးမြို့နယ်ရှိ မယ်သူထာစစ်ကောင်တပ်စီစခန်းအား တပ်မဟာ (၅) KNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အရပ်သားပစ်မှတ်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
မတ်လ ၈ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) က ကတဲတိကျေးရွာအုပ်စုအ တွင်းရှိ ပိုဂါကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီးကျည် နှစ်လုံး ပစ်ခတ်ခဲ့သဖြင့် အသက် ၁၆ နှစ်အရွယ်ရှိ နော်ဘလယ်၏ ဝဲဘက်ခြေ ထောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နှင့် အသက် ၃၉ နှစ်အရွယ် နော်တားဖေါ ဝဲဘက်ခြေသလုံး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ကလည်း ဖားဂေါ်လိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ စောမူပလောဒေသ၊ သေဂေါ်တူကျေးရွာအတွင်းသို့ အမြောက်ကျည်တစ်လုံး ပစ်ခတ်ခဲ့သေးသည်။
မတ်လ ၁၁ ရက်နေ့ တိုက်ပွဲအပြီးတွင် လူသောမြို့၊ ဖားဂေါ်လိုးစခန်းရှိ စစ်ကောင်စီတပ်သားများက တာရိပလောကျေးရွာအတွင်း လက် နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခဲ့ပြီး ဖာပွန်မြို့အခြေစိုက် ခမရ (၃၄၀)နှင့် ခလရ(၁၉) တို့မှ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် ခြောက်လုံးခန့် ပစ်ခတ်ခဲ့သဖြင့် ဥယျာဉ်ခြံများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲပေါင်း ၁၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ၎င်း၏ လက်အောက်ခံ BGF တို့ဘက်မှ ၆၉ ဦး သေဆုံးခဲ့ကြောင်း KNUတပ်မဟာ (၅) မူတြော်သတင်းစဉ်တွင် ရေးသားဖော်ပြထားသည်။mizzima