Monthly Archives: Mar 2023

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒေသခံအချို့ကို စစ်တပ်က စွပ်စွဲဖမ်းဆီး၊ အမျိုးသား ၂ ဦး ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာနဲ့ မင်းထိန်ရွာကြားမှာ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော ကြီးမြွေဟောက်အဖွဲ့က မတ်လ ၁၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ကနေ သိရပါတယ်။

“စခတွေဘက်က အင်အား ၁၀၀ လောက်ရှိတယ်။ ခြေလျှင်စစ်ကြောင်းချီလာတာ။ ကျနော်တို့ဘက်က ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ တိုက်ပွဲဝင် ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတဲ့အပြင် ၂၀ ကျော်သေဆုံးပြီး တောကြီးမြွေဟောက်အဖွဲ့ဘက်က အထိ အခိုက် အကျအရှုံး မရှိဘူးလို့လည်း သိရပါတယ်။

“ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပြီး သွားလာကြဖို့၊ စခတွေအန္တရာယ်မှ လွတ်ကင်းပြီး နေထိုင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ကျ‌ေနာ်တို့အဖွဲ့က ဆက်လက်တိုက်ပွဲတွေ ဖော်ဆောင်ဦးမယ်” လို့ တောကြီးမြွေဟောက်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ဟာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ လက်အောက်ခံ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပုလောမြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံ အရပ်သားပြည်သူတချို့ကို PDF ထောက်ပို့နေသူတွေလို့ စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက် ည ၇ နာရီလောက်က မလိဝမ်းကျေးရွာနေ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့ထဲက ပတ်သက်ဆက်နွှယ်သူတချို့ကို အခုရက်ပိုင်း‌တွေမှာ လိုက်လံဖမ်းဆီးနေတာလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ‌ ၄ ဦးကို ဘာကြောင့်ဖမ်းဆီးခဲ့သလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့ သူတို့နဲ့ပတ်သက်သူတချို့ကိုတော့ PDF ထောက်ပို့လို့ ဆိုပြီး လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီလူတွေကို PDF‌ ထောက်ပို့လို့‌ စွပ်စွဲပြီး လိုက်ဖမ်း‌နေကြတာပါ။ ဖမ်းခံရတဲ့ သူတွေထဲက တယောက်ကို သူနဲ့ပတ်သက်တဲ့လူတွေရဲ့ နေရာတွေကို လိုက်ပြခိုင်းတယ်။ အခု ရွာကနေ ၅ ယောက်လောက်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒီရွာရဲ့ ရေတံခွန်နားက ခြံထဲမှာ အလုပ်လုပ်တဲ့ လူငယ်တယောက်ရဲ့ အိမ်ကိုလည်း အတင်းဝင်ပြီးတော့ လူမတွေ့လို့ဆိုပြီး အိမ်မှာရှိတဲ့ ဆိုလာပြားတွေ တခြားပစ္စည်း‌တွေကို စစ်တပ်က ယူသွားတယ်။”

ဖမ်း‌ဆီးခံရသူ ၄ ဦးမှာ အရင် ရပ်ကျေးပါတီဝင် ၁ ဦးနဲ့ ဈေးဆိုင်ပိုင်ရှင် ၁ ဦးတို့ ပါဝင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို မတရား လိုက်လံဖမ်း‌ဆီး စစ်‌ဆေးနေတဲ့အပေါ် ကျေးရွာနေပြည်သူတွေ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းရွာသစ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်ရှိ ကိုမောင်မောင် ဆိုသူနဲ့ တရွာတည်းနေထိုင်တဲ့ ကိုထက်ထက်အောင်တို့ ၂ ဦး မတ်လ ၁၁ ရက် ည ၈ နာရီလောက်က နတ်အိမ်တောင် တောင်တက်လမ်းမှာ သေနတ်နဲ့အပစ်ခံရပြီး ကိုထက်ထက်အောင်ဟာ တင်ပါးမှာ ဒဏ်ရာရပြီး ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ကိုမောင်မောင်ဟာ စစ်ကောင်စီနဲ့ ပတ်သက်နီးစပ်သူဖြစ်ပြီး သေနတ်ကိုင်ဆောင်သူ ဖြစ်တယ်လို့ သိရပါတယ်။

“ကိုမောင်မောင်မှာ သေနတ် ၂ လက်ရှိတာ ရွာသားတွေ တော်တော်များများ သိတယ်။ သူက စစ်တပ်နဲ့လည်း နီးစပ်တယ်။ သတင်းပေးလို့လည်း နာမည်ကြီးတယ်။ အခု ပစ်ခံရတော့ ကိုမောင်မောင် မထိဘဲ အနောက်ကလူမှာထိတယ်၊ တင်ပါးမှာ။ အခုကတော့ ဆေးရုံမှာပါ။ သူတို့က မြို့ထဲမှာ သတင်းမပေါက်အောင် ပစ်ခံရတဲ့လူရဲ့ မိသားစုတွေကိုပါ မပြောဖို့ လိုက်တားနေတယ်” လို့ ကလိန်အောင်မြို့ခံတဦးက ပြောပါတယ်။

သူတို့နှစ်ယောက်ကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မတ်လ ၁၅ ရက်နေ့အထိ မတွေ့ရသေးပါဘူး။

ကလိန်အောင်မြို့နယ် မိကျောင်းလှောင်းရွာသစ်က ကိုကျော်သူထွေးနဲ့ သူ့မိသားစုဝင်တွေ ဖြစ်တဲ့ မမီးအေး၊ မဇင်မိုးတို့ ၃ ဦးလည်း မတ်လ ၁၂ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

ကလိန်အောင်မြို့နယ်ထဲက ကျေးရွာတွေမှာ မတ်လ ၉ ရက်ကစပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၆ ဦးထက်မနည်း ရှိပြီး အားလုံး ပြန်လွတ်လာခြင်း မရှိသေးပါဘူး။ DVB

ဖားကန့်တွင် ကေအိုင်အေနှင့် နီးစပ်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး၊ ရွှေကူတွင် ဒေသ ခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာက ကေအိုင်အေ ဒုတိုက်နယ်မှူး တန်ဆိုင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက် ဒီနေ့မနက် ၅ နာရီကျော်က ဝင်ရောက်စီးနင်းပြီး လူ ၆ ဦးကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ရှင်ဖြစ်သူ ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရတာမရှိပေမဲ့ နော်လီ၊ ဒွဲဂျာ၊ လအောင်၊ ဂွမ်ထန်နော်အောင်၊ ဆွတ်လွတ်နော်လတ်နဲ့ အ မည်မသိသူတဦး စုစုပေါင်း ၆ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ရပ်ကွက် ကျေးရွာအုပ်စုအလိုက် KIA/KIO တိုက်နယ်မှူး၊ ဒုတိုက်နယ်မှူးတွေက အုပ်ချုပ်ရေးမှူးအနေနဲ့ ဆောင်ရွက်ကြပြီး အခွန်ငွေကောက်ခံမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်ကလည်း ဖားပြင်ကျေးရွာမှာ ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး လူ ၇ ဦးလောက်ကို ဖမ်းဆီးသွားပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာတော့ မတ် ၁၄ ရက် နေ့လယ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားပါတယ်။

ကျောက်ကြီးကျေးရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သာယာကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ကာ ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“နေ့လယ် ၃ နာရီလောက် ကျောက်ကြီးဘက်ကနေ စစ်ကြောင်းထိုးလာတာ။ သာယာကုန်းကျေးရွာ ဝင်ကတည်းက နှစ်ဖွဲ့ခွဲပြီး ပစ်ခတ်ဝင်လာတယ်။ သတင်းကြားလို့ ကြိုတင်ရှောင်ရှားနေသူတွေ လည်း ရှိတယ်။ စစ်ကြောင်းက နှစ်ဖွဲ့ခွဲဝင်လာတော့ ရှောင်ခါနီးသူတွေ ၁၀ ဦးထက်မ နည်း ဖမ်းခံထားရတယ်။ အခင်းထဲက စစ်ရှောင်တဲနှစ်လုံးကိုလည်း မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ သာယာကုန်းကျေးရွာအတွင်းက စပါးတင်း ၂၀၀ ကျော်ပါ စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်း တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

သာယာကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ မြို့လှ KPDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။DVB

ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးရက် သတ်မှတ်မထားသေးသော် လည်း ကတ်ပိတ်ဖျက်သိမ်းခံရသူများရှိလာ

ပြည်တွင်းရှိ မိုဘိုင်းဖုန်း အော်ပရေတာ လေးခုမှ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် နောက်ဆုံးရက်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ကတ်ပိတ်ဖျက်သိမ်းခံရသူများ ရှိလာကြောင်း သုံးစွဲသူများထံကတစ်ဆင့်သိရသည်။

“ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံမတင်ထားရင် ပိတ်မယ်တို့ဘာတို့ ကြေညာတော့ ကိုယ့်ဖုန်းကတ်က စဝယ်ထဲက သူများနာမည်အချက်အလက်တွေနဲ့မှတ်ပုံတင်ပြီးသားကြီးဖြစ်နေလို့ ကိုယ်ကလည်းထပ်မတင်တော့တာ။ အစက အဝင်လား၊ အထွက်လားမသိဘူး အဲ့ဒါပဲပိတ်တာ။ နောက် ကျတော့ ကတ်ပါပိတ်သွားတယ်။ သုံးမရတော့ဘူး”ဟု အက်တမ်ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး မမှန်ကန်ပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာအော်ပရေတာများမှ ဆင်းမ်ကတ်ကိုင်ဆောင်သူများထံ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက စာတိုများပေးပို့ကာ ဖိအားပေးခဲ့သည်။

တချို့ကိုမူ အော်ပရေတာမှ ဖုန်းဖြင့်ဆက်သွယ်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးခြင်းများလည်းရှိကြောင်း သိရသည်။

“ဇန်နဝါရီလထဲမှာက အော်ပရေတာကနေ စာပို့တယ်၊ ဖေဖော်ဝါရီ ပထမပတ်ကျတော့ ဖုန်းဆက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ထားလား လှမ်းတိုက်ပြီးစစ်ဆေးတယ်။ MPT ရုံးချုပ်က ဆက်တာပါလို့ပြောတယ်။ အဲ့လိုဆက်ပြီး သူနဲ့သက်ဆိုင်တဲ့ MPT Pay က ပိတ်ခံလိုက်ရတယ်” ဟူ၍ ဖြစ်သည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အချက်အလက် မပြည့်စုံပါက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှကြေညာထားသော်လည်း လက်ရှိအချိန်ထိ မိမိကိုယ်ပိုင် အချက်အလက်များဖြင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ သုံးစွဲနေသူများလည်းရှိနေကြောင်း သိရသည်။

“ကျွန်တော် အခုသုံးတဲ့ ဆင်းမ်ကတ်ကတော့ ဝယ်ကတည်းကတင်ပြီးသားဗျ ၊ ဒါပေမယ့်မှတ်ပုံတင်ဖို့ ထပ်ပို့နေတာတွေရှိတယ်ဗျ၊ ကျွန်တော်ကတော့မတင်ဘူးဗျ၊ တင်လိုက်ရင် အချက်အလက်တွေကို အစပြန်ဖော်သလိုဖြစ်သွားလိမ့်မယ်ဗျ၊ အဓိကသူတို့လိုချင်တာက မှတ်ပုံတင်ပြီးသားဖြစ်စေ၊ မတင်ရသေးတာဖြစ်စေ၊ အချက်အလက်တွေကို ပြန်လိုက်ချင်တာဗျ၊ အဲ့တာကြောင့် ကျွန်တော်တော့မတင်ဘူးဗျ။” ဟု ပြော သည်။

ဆင်းမ်ကတ်မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ထားသည့်ရက်ကို အော်ပရေတာများ၏ ဖေစ့်ဘွတ်ပေချ့်ထံစာပေးပို့၍ စုံစမ်းမေးမြန်းရာ”ဆင်းမ်းကတ်မှတ်ပုံတင်ခြင်းအတွက် လက်ရှိတွင်တော့ နောက်ဆုံးရက်သတ်မှတ်ထားခြင်း မရှိသေးပါ။ သို့သော် အမြန်ဆုံးမှတ်ပုံတင်ပေးပါခင်ဗျာ” အစရှိသဖြင့် MPT မှ ပြန်လည်ဖြေကြားသည်။

စစ်ကောင်စီအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို သုံးစွဲသူတို့၏ ကိုယ်ရေးအချက်အလက်အမှန်ဖြင့် ပြန်လည် စာရင်းသွင်းစေသည့် အ ခြေအနေအား မဖြစ်မနေ အနေအထားသို့ ရောက်ရှိအောင် ဆောင်ရွက်နေခြင်းမှာ ဖုန်းဆင်းမ်ကတ်ဖြင့်ချိတ်ဆက်ကာ ဖွင့်လှစ်ထားရသော အွန်လိုင်းငွေလွှဲဝန်ဆောင်မှုအက်ပလီကေးရှင်းများအသုံးပြုနေမှုကို စောင့်ကြည့် ပိတ်ပင်လိုခြင်းနှင့် ဆင်းမ်ကတ်သုံးစွဲသူ၏ ပြည့်စုံမှန်ကန်သော အချက်အလက်များကို ရယူကာ တော်လှန်ရေးနှင့်သက်ဆိုင်သော လှုပ်ရှားမှုများကို တွေ့ရှိပါက အလွယ်တကူ ဖမ်းဆီးအရေးယူနိုင်ရန်အ တွက် ကြိုးပမ်းနေခြင်းဖြစ်သည်။mizzima

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ၈ ဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်၊ ၃ ဦးကို မီးရှို့သတ်ဖြတ်

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်အရပ်သား ပြည်သူ ၈ ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲဒီထဲက သက်ကြီးရွယ်အို ၂ ယောက်နဲ့ ၇ တန်းကျောင်းသား ကလေးသူငယ် ၁ ယောက်ကို မီးရှို့သတ်ဖြတ်ပစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်က စတင်ကာ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်း ကုရင်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် မတ် ၁၂ ရက်မှာတော့ ကုရင်ကျေးရွာအုပ်စု စစ်ရှောင်စခန်းအတွင်း ဝင်ရောက်ပြီး စစ်ရှောင် ၈ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ၃ ယောက်ကို သတ်ဖြတ်ခဲ့ကာ ၅ ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၁ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ-၄၂၃ တပ်ရင်းကို နေ့လယ် ၁၂ နာရီလောက်ကစတင်ကာ KNDF-B03၊ ဖယ်ခုံ PDF တပ်ရင်း-၂၊ အလယ်ပိုင်းတိုင်း PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အဆိုပါ ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို သေဆုံးနေတဲ့ အလောင်း ၁၉ လောင်းကို တွေ့ရှိခဲ့ရပြီး MA-3 ၂ လက်၊ MA-2 ၁ လက်၊ MA-1 ၁လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမ ပြောင်း ၂ ပြောင်း၊ RPG ၂ လက်နဲ့ ခဲယမ်းတွေ၊ အသုံးအဆောင်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မတ် ၁၂ ရက် ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးနေတာကို တွေ့ရကာ တိုက်ပွဲအတွင်း ဒေသခံ KNDF B (03) တပ်ရင်းဘက်က ရဲဘော် ၂ ယောက်နဲ့ ဖယ်ခုံ PDF တပ်ရင်း-၂ က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၂ တရက်တည်းမှာပဲ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တောင်ကုန်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNDF B (02)၊ B (03)၊ ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ဂျက်လေယာဥ် ၂ စီးနဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်ရဲ့ အလောင်းတွေနဲ့ အသုံးအဆောင်တွေလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၃ ရက် ည ၁၂ နာရီကျော်လောက်မှာတော့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်မ-၆၆ က တပ်သား ၁ ယောက် ကင်းထောက် ကျွံဝင်လာခဲ့ရာ KNDF-B09 က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးသွားပြီး သူကိုင်ဆောင်ခဲ့တဲ့ MA-3 သေနတ် ၁ လက်နဲ့ ကျည်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေ ထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက်ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။DVB

မန်းသင်္ကြန်တွင် အခွန်အခပေးရန်မလိုဘဲ ရေကစားရန်နေရာလျှောက်ထားနိုင်ဟု စစ်ကောင်စီဖိတ်ခေါ်

မန္တလေးသင်္ကြန်တွင် ရေကစားရန်နေရာများကို အခွန်အခပေးသွင်းရန်မလိုဘဲ လျှောက်ထားနိုင် ကြောင်း စစ်ကောင်စီကစည်းရုံးသော်လည်း လုပ်ငန်းရှင်အများစုကစိတ်ဝင်စားမှုမရှိကြသေးကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ကြားတယ်။ မဏ္ဍပ်အတွက် ဘာအခွန်မှပေးစရာမလိုဘူးလို့ စည်ပင်ကဖိတ်ခေါ် ထားတယ်ပေါ့။ အခုထိတော့ ဖိအားပေးတာမျိုး မရှိသေးဘူး။ လုပ်ငန်းရှင်တွေ လုပ်ကိုလုပ်ရမယ်ဆိုလာ ရင်တော့ ဘယ်လိုနေမယ်မသိဘူး။ သင်္ကြန်ပွဲဝင်ပါဖို့အတွက်တော့ စိတ်မဝင်စားဘူး၊ ပြဿနာတွေအများ ကြီးနဲ့ ကျွန်တော်တို့ မစွန့်စားရဲဘူး” ဟု မြို့ခံလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မန္တလေးသင်္ကြန်ပွဲစည်ကားစေရန်အတွက် သင်္ကြန်ပွဲပါဝင်ဆင်နွှဲမည့် မည်သူကိုမဆိုရေကစားရန် နေရာ အတွက် မည်သည့်အခွန်အခမျှပေးရန်မလိုဘဲ ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက မတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် ဖိတ်ခေါ်ထားသည်။

“အခုထိတော့ ဘာညွှန်ကြားစာမှ မလာသေးဘူးဗျ၊ Alpine တို့ဘာတို့လို လုပ်ငန်းအကြီးကြီးတွေဆီတော့ မသိဘူး။ ကျွန်တော်တို့ အလတ်စားလုပ်ငန်းတွေကိုတော့ မဏ္ဍပ်ဆောက်ဖို့ ဖိအားပေးတာမရှိသေးဘူး။ ရှိ လာရင်တော့ ကျွန်တော်တို့လည်းဘာ မှတတ်နိုင်မှာမဟုတ်ဘူး၊ သင်္ကြန်အကြို စျေးရောင်းပွဲတွေ လုပ်ကြ ဖို့တော့ နှုတ်နဲ့ညွှန်ကြားတာတွေရှိတယ်။ တချို့လည်း အဲဒီအတွက်ပြင်ဆင်နေကြပြီ။ ကိုယ့်စိတ်ရင်းနဲ့ ကိုယ် သင်္ကြန်ပွဲဝင်နွှဲမလားဆိုရင်တော့ နိုးလို့ပဲပြောပါရစေ”ဟု ခေတ်အဆက်ဆက် မန္တလေးသင်္ကြန်ပွဲ ပါဝင်ဆင်နွှဲခဲ့သည့် အလတ်စားစီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲစည်ကားစေရန်အတွက် အာဏာသိမ်းသည့်နှစ်နှင့် ပြီးခဲ့သည့်နှစ်တို့ က အလားတူစည်းရုံးခဲ့သော်လည်း လုပ် ငန်းရှင်အများစုက စိတ်ပါဝင်စားမှုမရှိခဲ့ခြင်းကြောင့် ၎င်းတို့ လူနည်းစုဖြင့်သာ ကျင်းပခဲ့ရသည်။

ယခုနှစ်တွင်မူ ကနဦးအဆင့်အဖြစ် ရေကစားရန်နေရာများကို မည်သည့်အခွန်အခမျှ ပေးသွင်းရန်မလိုဘဲ ဦးရာ လူစနစ်ဖြင့်လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး၊ နောက်ဆက်တွဲ ဖိအားပေးဆောက်ခိုင်း လာမည်ကို လုပ်ငန်းရှင်များဘက်က စိုးရိမ်ကြောင့်ကြမှုရှိနေကြောင်း သိရသည်။mizzima

ဘုတလင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး DENKO ဆီဆိုင်ကို မီးရှို့ဖျက်ဆီး၊ စစ်တပ်က PDF ၃ ဦးနှင့် ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မြို့အဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ သစ်တောရုံးနဲ့ ကြောင်ပန်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်သားတွေ ကင်းပုန်းဝပ်တဲ့ Denko ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Myanmar Defense Force က ထုတ်ပြန်ပါတယ်။

မတ်လ ၁၄ ရက်၊ မနက် ၁၁ နာရီလောက်က ဘုတလင်မြို့အဝင် ကြောင်ပန်းဂိတ်နဲ့ သစ်တောရုံးအတွင်း အထိုင်ချတပ်စွဲတဲ့ စစ်ကောင်စီတပ် သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ် နေရာယူထားတဲ့ ၃ ထပ်တိုက် အဆောက်အအုံကိုလည်း RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ် ကင်းပုန်းချထားတဲ့ DENKO ဓာတ်ဆီဆိုင်ကိုလည်း မီးရှို့ရှင်း လင်းခဲ့တယ်လို့ သိရပါတယ်။

Myanmar Defense Force- MDF မှ တာဝန်ရှိသူက “ဘုတလင်မြို့အဝင် ကြောင်ပန်းဂိတ်နဲ့ ကြောင်ပန်းဂိတ်ဘေးက သစ်တောရုံးမှာ ကင်း ပုန်းဝပ်ပြီး လမ်းပေါ်မှာ ဆိုင်ကယ်တစီးကို ၄၀,၀၀၀ နှုန်း ကောက်နေတာတွေရှိတယ်။ တခြား ကားနဲ့ ယာဉ်တွေကိုလည်း မထင်ရင် မထင်သလို စစ်ဆေးပြီး ပိုက်ဆံတောင်းခံတာတွေ လုပ်နေလို့ ကျနော်တို့က ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ Denko ဆီဆိုင်က ပိတ်ထားတာကြာပြီ။ လူတော့မရှိဘူးပေါ့။ အဲ့ဒီဆီဆိုင်က သူတို့ မကြာခန ကင်းပုန်းဝပ်တာ၊ တထောက်နားတာမျိုး လုပ်နေလို့ နောက်ထပ် ကင်းပုန်းတွေ မဝပ်နိုင်အောင် တခါတည်း မီးရှို့ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MDF-Special Force (ရွှေဘိုခရိုင် အမှတ်-၂၆) တပ်ရင်းမှ လင်းယုန်စစ်ကြောင်း၊ ကျောင်းသားလက်ရုန်းတပ်တော် (SAF) နဲ့ ဗန္ဓုလတပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု များနိုင်တယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်မှာပဲ ပဲပြစ်တောကျေးရွာအနီးက ဘုန်းကြီးလမ်းခွဲမှာ PDF သုံးဦးနဲ့ ဒေသခံအမျိုးသမီးတဦးကို ဒီနေ့ မတ် ၁၅ ရက် မနက် ၅ နာရီမှာ စစ်ကောင်စီတပ်က ပစ်သတ်ထားခဲ့ပြီး PDF ၃ ဦးရဲ့ လက်နက်တွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ စတင်စစ်ကြောင်းထိုးလာပြီး အခုလို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ စစ်ကြောင်းထိုးလာပြီလို့ သတင်းကြားတာနဲ့ ရွာတွေကလူတွေ ထွက်ပြေးကြရတယ်။ အဲဒီလိုပြေးရင်းနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး အခုလို သတ်ဖြတ်ခံလိုက်ရတယ်။ အသတ်ခံရတာက ချင်းတပ်က ၂ ယောက်၊ တပ်ရင်း-၃ က တယောက်နဲ့ ပဲပြစ်တောက အမျိုးသမီးတဦးကို သတ်သွားတာပါဗျ။ PDF တွေရဲ့ လက်နက်တွေနဲ့ ကျည်ဆန်တွေကို ယူသွားကြတယ်” လို့ ဘုတလင်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က PDF ၃ ဦးနဲ့ ပြည်သူတဦးကို သတ်ဖြတ်ပြီး မနက်ပိုင်းမှာ ဘုတလင်မြို့ထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်ထားခဲ့တဲ့သူတွေကတော့ ကိုလင်း၊ ကိုဇာနီအောင်၊ ကိုဒေးဗစ်နဲ့ ပဲပြစ်တောရွာက ဒေသခံအမျိုးသမီးတဦးလို့ သိရပါတယ်။DVB

ပအိုဝ်းဒေသ သတ်ဖြတ်ခံရသူများထဲမှ သံဃာသုံးပါး၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်

ယခုလ ၁၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများထဲတွင် ပါဝင်သည့် သံဃာသုံးပါး၏ ရုပ်အလောင်းများကို ယမန်နေ့ (မတ် ၁၄) တွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ပအိုဝ်းဒေသခံတို့ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ ပူးပေါင်းစစ်ဆေးရေးဂိတ် ဖေဖော်ဝါရီ ၂၄ တွင် တိုက်ခိုက်ခံရပြီးနောက် နေပြည်တော်နှင့် အနီးဆုံး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်လာကာ လူပေါင်း ၃၀ နီးပါး အစုလိုက်သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

လုံးပျဉ်ကျေးရွာအုပ်စု၊ နန်းနိမ့်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံရသူများအနက် သံဃာသုံးပါး၏ ရုပ်အလောင်းများကို ထိုရွာနှင့် သုံးမိုင်ခန့် ကွာဝေးသည့် ဆောင်းပြောင်းရွာတွင် မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားတစ်ဦးက ပြောသည်။

သက်တော် ၄၅ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိ၊ ၆၆ နှစ်အရွယ် ဦးသောဘာကနှင့် ဦးကောဝိဒတို့၏ ရုပ်အလောင်းများတွင် ဒဏ်ရာများ တွေ့ရကြောင်း နန်းနိမ့်ရွာသားထံမှ သိရသည်။​

“ဒူးနှစ်ဖက်က သေနတ်ရာလား၊ ဓားခုတ်ရာလား မသိဘူး။ သွားကျိုးတယ်၊ ထုထောင်းထားတဲ့ ပုံစံမျိုး” ဟု ၎င်းက ပြောသည်။

ရုပ်အလောင်းပြင်ဆင်သူများ၏ ပြောပြချက်အရ သံဃာသုံးပါးတွင် သေနတ်ဒဏ်ရာ မတွေ့ရဘဲ ဓားဒဏ်ရာ၊ တုတ်ဒဏ်ရာများနှင့် တံတောင် ဆစ်အရိုးပြုတ်နေသည်ဟု သိရကြောင်း နန်းနိမ့်ရွာမှ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“တော်တော်လေး ရိုက်နှက်ထားတယ်။ လူမဆန်စွာ တော်တော်လေး ရိုက်နှက်ထားတယ်။ အလောင်းက နည်းနည်းပုပ်နေပြီ၊ အနံ့က ထွက်နေပြီ။ ကျွန်တော့်မျက်မြင်ကတော့ ဦးဇင်းအိုတစ်ပါးရဲ့ မျက်နှာမှာ ဓားတွေနဲ့ ခြစ်ထားတယ်” ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့ နံနက် ၆ နာရီခန့်တွင် ကျောင်းထိုင်ဆရာတော်နှင့် ဖုန်းအဆက်အသွယ် ရခဲ့သည်၊ ရွာအရှေ့ဘက်မှနေ၍ စစ်ကြောင်းတစ်ကြောင်း လာနေပြီဟုသာ မိန့်ကြားခဲ့သည်ဟုလည်း ထိုရွာသားက ဆိုသည်။

“ရွာရဲ့ အရှေ့ဘက်ကနေ လာနေပြီတဲ့၊ ဘုန်းကြီးက ဖုန်းပြောလို့ အဆင်မပြေတော့ဘူးနော် ဒကာကြီးတဲ့၊ ဘုန်းကြီးက ဖုန်းချလိုက်တယ်၊ အောက်ဆင်းတော့မယ်နော်တဲ့။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့မှန်း ဘုန်းကြီးကလည်း မပြောသွားတော့ အဖြေက သေသေချာချာ မထွက်သွားတာ” ဟု ထိုရွာသားက ဆိုသည်။

ဘုန်းကြီးကျောင်းအတွင်း သေဆုံးသူများမှာ ကျောင်းစောင့်ရန် ဆရာတော်နှင့်အတူ ကျန်ရစ်ခဲ့သည့် အရပ်သားများဖြစ်ကြောင်း နန်းနိမ့်ရွာ ဒေသခံများနှင့် သေဆုံးသူများ၏ မိသားစုဝင်တို့က ထုတ်ဖော်ပြောဆိုထားသည်။

ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့က ကျူးလွန်ခြင်းဖြစ်ကြောင်း ခိုင်မာသော အထောက်အထားများ ထွက်ပေါ်လာခြင်း မရှိသေးဘဲ စစ်ကောင်စီ အပါအဝင် လက်နက်ကိုင်အဖွဲ့များ အပြန်အလှန် စွပ်စွဲပြောဆိုနေကြသည်။

ဘုန်းကြီးကျောင်းအတွင်း ပြန့်ကျဲနေသည့် ရုပ်အလောင်းပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက “ကယား PDF များကို ဆုံးမခြင်း” “နှိမ်နင်းခြင်း” စသည့် ခေါင်းစဉ်များဖြင့် စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။​

အဆိုပါဖြစ်စဉ်အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၁၃ ရက်က ထုတ်ဖော်ပြောဆိုရာ၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ငြိမ်းချမ်းနေသော ပအိုဝ်းဒေသကို နှောင့်ယှက်ဖျက်ဆီးနေသဖြင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဆိုသည်။

သို့သော် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းအတွင်း တွေ့ရှိရသည့် ရုပ်အလောင်းများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိပပ ပြောဆိုခြင်း မရှိဘဲ အရပ်သားပြည်သူများ အသတ်ခံရသည်မှာ ကောလာဟလသာဖြစ်သည်ဟု ဆိုခဲ့သည်။

အာဏာသိမ်းတပ်၏ မဟာမိတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝင်ရောက်ကာ စစ်တလင်းဖန်တီးခြင်း၊ ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဥစ္စာပစ္စည်းများ ယူဆောင်ခြင်းများအတွက် KNDF ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ပအိုဝ်းဘာသာဖြင့် လူမျိုးရေးဆန်သော လှုံ့ဆော်ရေးသားချက်များ၊ ရုပ်သံဖိုင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေခြင်းများ ရှိလာကာ ယနေ့ (မတ် ၁၅) တွင် PNO က ဦးစီး၍ တောင်ကြီးမြို့တွင် KNDF နှင့် ပူးပေါင်းအဖွဲ့များကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့သည်။​

KNDF အပါအဝင် စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့များကမူ နန်းနိမ့်ရွာမှ အစုလိုက်သတ်ဖြတ်မှုမှာ ထိုဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ လက်ချက်သာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာသုံးပါးနှင့် အရပ်သားများကို သတ်ဖြတ်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေသည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

နန်းနမ့်ရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် စာမျက်နှာများက ဖြန့်ဝေခဲ့သည့် ဓာတ်ပုံများတွင် ရုပ်အလောင်းများအနီး တူမီးသေနတ်၊ လက်လုပ်သေနတ်များပါ တွေ့ရှိရသည်၊ KNDF တွင် တပ်ဆင်ထားသည်မှာ တိုက်ပွဲဝင်လက်နက်များ ဖြစ်သည်ဟု သူက ထောက်ပြသည်။

“လုပ်ကြံဇာတ်ဆိုတာ အရမ်းသိသာပါတယ်။ ကျွန်တော်တို့က အဲဒီ လေထိုးပိုက်သေနတ်လေးတွေနဲ့ သူတို့ကို (စစ်တပ်ကို) ပစ်နေတာမှ မဟုတ်တာ သူတို့အသိဆုံးပါပဲ။ ပုံတွေက ဟုတ်တယ်၊ နန်းနိမ့်ကျောင်းထဲက ကျွန်တော်တို့ ရိုက်ထားတဲ့ Dead Body တွေနဲ့ တစ်ပုံစံတည်းပါပဲ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့် ကျန်ဒေသခံတို့၏ ရုပ်အလောင်းများကို ဆရာဝန်များက စစ်ဆေးနေကြောင်း၊ အသေးစိတ်ဆေးစစ်ချက် ရလဒ်ထွက်လာပါက မည်သည့်အချိန်တွင် သေဆုံးသည်ကို အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်း ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။ myanmar now

မြင်းခြံ Black Tiger တပ်ဖွဲ့က ဘီးတပ်လောင်ချာ စမ်းသပ်ထုတ်လုပ်အောင်မြင်

မြင်းခြံ Black Tiger တပ်ဖွဲ့ (MBT) က ဘီးတပ်လောင်ချာ လက်နက်ကြီးတမျိုး စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ MBT ကနေ သိရပါတယ်။

အဲဒီ တာဝေးပစ် ဘီးတပ်လောင်ချာဟာ မီတာ ၆၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး ကျည်တတောင့်ချင်း ပစ်ခတ်လို့ရသလို ၃ တောင့်တွဲလည်း ပစ်ခတ်လို့ရတယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

ဒီဘီးတပ်လောင်ချာ ထုတ်လုပ်နိုင်ဖို့ စိတ်ကူးထားတာ ၅ လလောက် ကြာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီး စမ်းသပ်ရာမှာ ၂ ကြိမ်လောက် Error ဖြစ်ခဲ့ပြီး တတိယအကြိမ် စမ်းသပ်ရာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်လုပ်ရေးပိုင်း ကုန်ကျစရိတ်ကတော့ ပြောင်းတွေက မိုင်တဲတာဝါတိုင်နဲ့ လုပ်တာဖြစ်ကုန်ကျမှု မရှိပေမဲ့ တခြားပစ္စည်းတွေအတွက်ကတော့ ၈ သိန်းကျပ်လောက် ကုန်ကျမှုရှိတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ကျည်ကတော့ ကိုယ်တိုင်ထုတ်လုပ်တာဖြစ်ပြီး အရှည်ကတော့ တတောင်ဝန်းကျင်လောက် ဖြစ်ကာ ကျည်တတောင့်ကို ၃၀,၀၀၀ ကျပ်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

အခုစမ်းသပ်ထုတ်လုပ်လိုက်တဲ့ ဘီးတပ်လောင်ချာကို မတ်လ ၁၂ ရက်က ရေစကြိုမြို့နယ်ကနေ အင်အား ၇၀ လောက်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကမ်းတဖက်ကနေ ပစ်ခတ်ခဲ့လို့ ပြန်ပြေးသွားကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အညာဒေသမှာ လက်နက်ခဲယမ်းအင်အား နည်းပါးတာကြောင့် စစ်ကောင်စီက ထင်သလို စစ်ကြောင်းတွေထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ရန်ကနေ အကာအကွယ် ပေးနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ။”

ဒီဘီးတပ်လောင်ချာ ထုတ်လုပ်နိုင်ဖို့အတွက် ရန်ပုံငွေအခက်အခဲတွေကြောင့် ကြန့်ကြာခဲ့ရတာဖြစ်ပြီး နောက်ထပ်လည်း ဘီးတပ်လောင်ချာ ၂ လက်လောက် ထုတ်လုပ်ဖို့ စီစဥ်ထားပေမဲ့ ရန်ပုံငွေအနေအထားအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

နည်းပညာပိုင်းအနေနဲ့ တခြား မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ယမ်းပိုင်းဆိုင်ရာ လက်နက်ကြီးပိုင်းဆိုင်ရာတွေ လာရောက်သင်ယူတာတွေရှိသလို ဘယ်တော်လှန်ရေးတပ်ဖွဲ့ ကိုမဆို နည်းပညာတွေ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ DVB

« Older Entries