ကြံခင်းမြို့နယ်တွင် အာရုဏ်ဦးသပိတ်ပြုလုပ်၊ စစ်ကောင်စီတပ်များ ခြေရှုပ်နေ


ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုဏ်ဦးလူမဲ့သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဘေး ကံရွာနှင့်ကြို့ပင်စုရွာအားဆက်သွယ်ထားသည့် လမ်းပေါ်တွင် “ငါတို့ချစ်တဲ့ ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ”စာတန်းအားချိတ်ဆွဲကာ ဆန္ဒထုတ်ဖေါ်ခဲ့ခြင်း ဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ပြီးနောက် နံနက် ၈ နာရီခန့်တွင် အာရုဏ်ဦးလူမဲ့သပိတ်ပြုလုပ်ထားရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
“မြို့ထဲမှာလည်း အရပ်ဝတ်တွေနဲ့ ပတ်နေတယ်။ သပိတ်လုပ်ထားတဲ့ အနားမှာလည်း စစ်တပ်နဲ့ ရဲတွေ ရောက်နေတယ်။ သပိတ်လုပ်ထားတဲ့ ဗီနိုင်းကိုတော့ မဖြုတ်ရဲလို့ထင်တယ် ထိုင်ကြည့်နေကြတယ်” ဟု ဆိုသည်။
ဒေသခံများ သတင်းပေးပို့သည့် နံနက် ၁၀ နာရီ ၄၅ မိနစ်အထိ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက လူမဲ့ သပိတ်ကို ဖြုတ်သိမ်းမှုမပြုလုပ်သေးကြောင်း သိရသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ကြံခင်းမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ဆန္ဒထုတ်ဖော်မှုသည် (၂၁) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က ကြံခင်းမြို့တစ်နေရာတွင် စစ်အာဏာရှင်တော်လှန်ရေး လူမဲ့သပိတ် တစ်ခုပြုလုပ်ထားသည့်အတွက် အ ဆိုပါ လူမဲ့သပိတ်အားဖြုတ်သိမ်းရန် ဆိုင်ကယ်ဖြင့်လာသည့် (စရဖ) တပ်ဖွဲ့ဝင်တစ်ဦး လမ်းဘေး၌ ရပ်ထားသော ၁၀ ဘီးကားအား ဝင်တိုက်ပြီး သေဆုံးခဲ့သည်။mizima