ခင်ဦးမြို့နယ် သံဘိုကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ သံဘိုကျေးရွာအနီးတွင် စစ်ကြောင်း အခြေအနေကို ကင်းထောက်ရန်ထွက်လာသည့် ကျေးရွာ ပ.က.ဖ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်(၂၄)နှစ် အရွယ် ရဲဘော်ကျော်ရဲနှင့် အသက်(၂၆) နှစ်အရွယ် ရဲဘော်သက်နိုင်ဖြိုး ဆိုသူနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံရဲဘော်က ပြော သည်။
“ရဲဘော်တစ်ဦးကိုတော့ အသားတွေ ဓားနဲ့လှီး၊ ခေါင်းဖြတ်ပြီး သစ်ပင်ချိတ်ထားတယ်။ ကျန်တစ်ဦးကို တော့ ခြေဆစ်လက်ဆစ်တွေချိုးပြီး နဖူးကိုသေနတ်နဲ့တေ့ ပစ်သတ်ထားခဲ့တယ်” ဟု ဒေသခံရဲဘော်များ က ပြောကြားသည်။
ဖမ်းဆီးခံရသည့် ရဲဘော်များနှင့်အတူ ဆိုင်ကယ်တစ်စီး၊ အဝေးထိန်း မိုင်းနှစ်လုံး၊ လက်လုပ်သေနတ် နှစ် လက်၊ ၉ မမ ကျည် အတောင့် ၁၀၀ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခန့်မှန်း အင်အား ၁၀၀ ခန့်ရှိပြီး ခင်ဦးမြို့နယ် မကျီးတုံပျူရွာမှ တစ်ဆင့် ချောင်းဆုံ၊ သံဘို တောတန်းများကိုဖြတ်ကာ ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)သို့ ဦးတည်ထွက်ခွာနေ ကြောင်း KSO သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။mizzima