စစ်ကောင်စီလက်ထက်တွင် စစ်ဆေးရေးဂိတ်တွေ ပိုများလာပြီး မြိတ်-ရန်ကုန် ခရီးစဉ်နှောင့်နှေးမှု ပိုများလာ

စစ်ကောင်စီလက်ထက်တွင် လိုတာထက်ပိုများနေသည့် စစ်ဆေးရေးဂိတ်များကြောင့် မြိတ်-ရန်ကုန် ခရီးစဉ်သည် ယခင်က ထက် သွားလာရအချိန်ကြန့်ကြာမှု ပိုများလာနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
စစ်အာဏာမသိမ်းမီက Express အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးကားများသည် မြိတ်-ရန်ကုန် ညနေသွား နောက်တစ်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိကြောင်း ခရီးသည်များနှင့် ခရီးသည်တင်ယာဉ်လိုင်း အသိုင်းဝိုင်းထံမှ သိရသည်။
မြိတ်ဒေသခံ ခရီးသွား တစ်ဦးက“အခုက မြိတ်ကနေ ရန်ကုန်ကို သွားတဲ့ ခရီးစဉ်တစ်ကြောင်းမှာဆိုရင် နှစ်ရက်လောက် ကြာတယ်၊ လမ်း တစ် လျှောက်လုံး စစ်ဆေးခံနေရရင်က အချိန်ကြာနေရတယ်”ဟု ပြော သည်။
ထိုသို့ အချိန်ကြန့်ကြာမှု ဖြစ်ပွားနေသည့် မြိတ်-ထားဝယ်-ရန်ကုန် လမ်းပိုင်တွင် မကြာခဏဆိုသလို တိုက်ပွဲများလည်းဖြစ်ပွားနေပြီး ခရီးသွားပြည်သူ ဒေသခံအချို့က အရေးပေါ် ကိစ္စများရှိပါက လေယာဉ်ခရီးစဉ်ဖြင့် အသုံးပြုလေရှိကြောင်းသိရကာ ငွေကြေးမတတ်နိုင်သူများကမူ ခရီးသည်တင်ကားများကို အများဆုံးအသုံးပြု သွားလာနေကြကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။
“ခရီးသည်တင်ကားနဲ့သွားရင်တော့ စိတ်အနှောက်ယှက်တော့ တော်တော် ဖြစ်ရတယ်၊ ဘာကြောင့်လည်းဆိုတော့ ကားပေါ်ကဆင်းပြီး ခဏ ခဏ စစ်ဆေးခံနေရတာ ဖြစ်လို့ပါပဲ”လို့ ထားဝယ်မြို့က ခရီးသွားပြည်သူ တစ်ဦးက ဆိုသည်။
ထိုအပြင် ယင်းလမ်းပိုင်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားကို စစ်ကောင်စီ တပ်သားများက အဓိကထား စစ်ဆေးလေ့ရှိပြီး မပါက နည်းမျိုးစုံ စစ်ဆေးခံရကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးအချိန်၌ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လုံခြုံရေးအကြောင်းပြပြီး အဝေးပြေးလမ်းမပေါ်တွင် စစ်ဆေးရေးဂိတ်များ အများအပြားဖွင့်လှစ်ပြီး လက်ရှိတွင် ငွေကြေးတောင်းခံမှုများလည်း ရှိနေကြောင်း ခရီးသွားယာဉ်လိုင်းများထံမှ သိရသည်။
အလားတူ ယခုနောက်ပိုင်း မြိတ်-ရန်ကုန် ကားလမ်း တစ်လျှောက်တွင် ဇီးရိုးမိုင် စစ်ဆေးရေး ဂိတ်၊ ညောင်ခါးရှည် စစ်ဆေးရေး ဂိတ်၊ ရေးတံတားကြီး စစ်ဆေးရေး ဂိတ်၊ မလွှဲတောင် စစ်ဆေးရေး ဂိတ်၊ ပုလောတံတား စစ်ဆေးရေး ဂိတ်နှင့် တိုင်းနှင့် ပြည်နယ် အဝင်/အထွက် ဂိတ်များမှာ ငွေကြေး အတောင်းကြမ်းသလို အစစ်အဆေး တင်းကျပ်နေကြောင်းလည်း သိရသည်။ mizzima