ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးရက် သတ်မှတ်မထားသေးသော် လည်း ကတ်ပိတ်ဖျက်သိမ်းခံရသူများရှိလာ

ပြည်တွင်းရှိ မိုဘိုင်းဖုန်း အော်ပရေတာ လေးခုမှ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် နောက်ဆုံးရက်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ကတ်ပိတ်ဖျက်သိမ်းခံရသူများ ရှိလာကြောင်း သုံးစွဲသူများထံကတစ်ဆင့်သိရသည်။

“ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံမတင်ထားရင် ပိတ်မယ်တို့ဘာတို့ ကြေညာတော့ ကိုယ့်ဖုန်းကတ်က စဝယ်ထဲက သူများနာမည်အချက်အလက်တွေနဲ့မှတ်ပုံတင်ပြီးသားကြီးဖြစ်နေလို့ ကိုယ်ကလည်းထပ်မတင်တော့တာ။ အစက အဝင်လား၊ အထွက်လားမသိဘူး အဲ့ဒါပဲပိတ်တာ။ နောက် ကျတော့ ကတ်ပါပိတ်သွားတယ်။ သုံးမရတော့ဘူး”ဟု အက်တမ်ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး မမှန်ကန်ပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာအော်ပရေတာများမှ ဆင်းမ်ကတ်ကိုင်ဆောင်သူများထံ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက စာတိုများပေးပို့ကာ ဖိအားပေးခဲ့သည်။

တချို့ကိုမူ အော်ပရေတာမှ ဖုန်းဖြင့်ဆက်သွယ်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးခြင်းများလည်းရှိကြောင်း သိရသည်။

“ဇန်နဝါရီလထဲမှာက အော်ပရေတာကနေ စာပို့တယ်၊ ဖေဖော်ဝါရီ ပထမပတ်ကျတော့ ဖုန်းဆက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ထားလား လှမ်းတိုက်ပြီးစစ်ဆေးတယ်။ MPT ရုံးချုပ်က ဆက်တာပါလို့ပြောတယ်။ အဲ့လိုဆက်ပြီး သူနဲ့သက်ဆိုင်တဲ့ MPT Pay က ပိတ်ခံလိုက်ရတယ်” ဟူ၍ ဖြစ်သည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အချက်အလက် မပြည့်စုံပါက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှကြေညာထားသော်လည်း လက်ရှိအချိန်ထိ မိမိကိုယ်ပိုင် အချက်အလက်များဖြင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ သုံးစွဲနေသူများလည်းရှိနေကြောင်း သိရသည်။

“ကျွန်တော် အခုသုံးတဲ့ ဆင်းမ်ကတ်ကတော့ ဝယ်ကတည်းကတင်ပြီးသားဗျ ၊ ဒါပေမယ့်မှတ်ပုံတင်ဖို့ ထပ်ပို့နေတာတွေရှိတယ်ဗျ၊ ကျွန်တော်ကတော့မတင်ဘူးဗျ၊ တင်လိုက်ရင် အချက်အလက်တွေကို အစပြန်ဖော်သလိုဖြစ်သွားလိမ့်မယ်ဗျ၊ အဓိကသူတို့လိုချင်တာက မှတ်ပုံတင်ပြီးသားဖြစ်စေ၊ မတင်ရသေးတာဖြစ်စေ၊ အချက်အလက်တွေကို ပြန်လိုက်ချင်တာဗျ၊ အဲ့တာကြောင့် ကျွန်တော်တော့မတင်ဘူးဗျ။” ဟု ပြော သည်။

ဆင်းမ်ကတ်မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ထားသည့်ရက်ကို အော်ပရေတာများ၏ ဖေစ့်ဘွတ်ပေချ့်ထံစာပေးပို့၍ စုံစမ်းမေးမြန်းရာ”ဆင်းမ်းကတ်မှတ်ပုံတင်ခြင်းအတွက် လက်ရှိတွင်တော့ နောက်ဆုံးရက်သတ်မှတ်ထားခြင်း မရှိသေးပါ။ သို့သော် အမြန်ဆုံးမှတ်ပုံတင်ပေးပါခင်ဗျာ” အစရှိသဖြင့် MPT မှ ပြန်လည်ဖြေကြားသည်။

စစ်ကောင်စီအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို သုံးစွဲသူတို့၏ ကိုယ်ရေးအချက်အလက်အမှန်ဖြင့် ပြန်လည် စာရင်းသွင်းစေသည့် အ ခြေအနေအား မဖြစ်မနေ အနေအထားသို့ ရောက်ရှိအောင် ဆောင်ရွက်နေခြင်းမှာ ဖုန်းဆင်းမ်ကတ်ဖြင့်ချိတ်ဆက်ကာ ဖွင့်လှစ်ထားရသော အွန်လိုင်းငွေလွှဲဝန်ဆောင်မှုအက်ပလီကေးရှင်းများအသုံးပြုနေမှုကို စောင့်ကြည့် ပိတ်ပင်လိုခြင်းနှင့် ဆင်းမ်ကတ်သုံးစွဲသူ၏ ပြည့်စုံမှန်ကန်သော အချက်အလက်များကို ရယူကာ တော်လှန်ရေးနှင့်သက်ဆိုင်သော လှုပ်ရှားမှုများကို တွေ့ရှိပါက အလွယ်တကူ ဖမ်းဆီးအရေးယူနိုင်ရန်အ တွက် ကြိုးပမ်းနေခြင်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s