ပုလဲမြို့တွင် ရဲစခန်း၊ ထွေအုပ်ရုံး၊ ပြန်ဆက်ရုံး ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ မတ်လ ၁၃ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီလက်အောက်ခံ  ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တယောက်သေဆုံးကာ ကားတစီးနဲ့ ရုံးတရုံးမီးလောင်ပျက်စီးသွားတယ်လို့  တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ ပုလဲမြို့ရဲစခန်း၊ ပြန်ဆက်ရုံးနဲ့ ထွေအုပ်ရုံးနေရာတွေကို အထူးပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေက ဗုံးချတိုက်ခိုက်ခဲ့ရတာမှာ ပြန်ဆက်ရုံးနဲ့ ကားတစီး မီးလောင်ပြီး၊ စစ်ကောင်စီတပ်သားတယောက် သေဆုံးသွားတယ်လို့ ပုလဲမြို့ခံတယောက်က ပြောပါတယ်။

Salingyi Special Task Force – SSTF တာဝန်ရှိသူက “စစ်ကောင်စီရဲ့ ရဲစခန်းက ပုလဲမြို့ရဲ့ တောင်ဘက်အစွန်မှာ မြို့ရဲ့ မြောက်ဘက်အစွန်မှာက ထွေအုပ်ရုံးရှိတာ ရဲစခန်း‌နေရာကို ဗုံးသီး သုံးလုံး၊ ထွေအုပ်ရုံးနေရာကိုလည်း ဗုံးသီး သုံးလုံးနဲ့တိုက်ခိုက်ခဲတာ၊ ထွေအုပ်ရုံးဝင်းအတွင်းက ပြန်ဆက် ရုံးမီးလောင်ပြီး ဘေးမှာရပ်ထားတဲ့ စစ်ကားတစ်စီးပါ မီးကူးစပ်လောင်ခဲ့တယ်။ ထွေအုပ်ရုံးထဲမှာအစောင့်ချထားတဲ့ စစ်ကောင်စီတပ်သားတယောက်သေဆုံးခဲ့ပြီး၊မီးကို မီးသတ်ကားတွေနဲ့ အလျှင်စလို ငြှိမ်းသတ်နိုင်လို့ နည်းနည်းသက်သာသွားတာ။ ဒဏ်ရာရသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone)များနဲ့ Salingyi Special Task Force – SSTF (ယင်မာပင်ခရိုင် တပ်ရင်း ၁၄ ၊ ၁၅ )၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့တွေက ဝေဟင်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကျသွားတာနဲ့ စစ်ကောင်စီတပ်သားတွေက ရမ်းသန်းပြီးထင်ရာမြင်ရာတွေကို ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့ပေမဲ့  ဒေသခံ PDF တွေဘက်က ထိခိုက်မှုတစုံတရာမရခဲ့ပါဘူးလို့ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF) ကနေ သိရပါတယ်။

မတ်လ ၁၂ ရက် ညနေကလည်း ဖိုလ်ဝင်တောင်အနီးအနားရှိ ရွာတွေကဒေသခံတွေကို ညှဉ်းပန်းနှိပ်စက်၊ ‌ပြည်သူတွေရဲ့ပစ္စည်း၊ ဥစ္စာ ရတနာတွေကို ခိုးယူနေတဲ့ ဆားလင်းကြီးရဲစခန်းကို Salingyi Special Task Force – SSTF က တခြားမဟာမိတ်လက်နက်ကြီးအဖွဲ့တွေနဲ့ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့လည်းဗုံးသီးချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား တယောက်သေပြီး၊ ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသလို  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s