ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ၈ ဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်၊ ၃ ဦးကို မီးရှို့သတ်ဖြတ်

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်အရပ်သား ပြည်သူ ၈ ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲဒီထဲက သက်ကြီးရွယ်အို ၂ ယောက်နဲ့ ၇ တန်းကျောင်းသား ကလေးသူငယ် ၁ ယောက်ကို မီးရှို့သတ်ဖြတ်ပစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်က စတင်ကာ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်း ကုရင်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် မတ် ၁၂ ရက်မှာတော့ ကုရင်ကျေးရွာအုပ်စု စစ်ရှောင်စခန်းအတွင်း ဝင်ရောက်ပြီး စစ်ရှောင် ၈ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ၃ ယောက်ကို သတ်ဖြတ်ခဲ့ကာ ၅ ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၁ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ-၄၂၃ တပ်ရင်းကို နေ့လယ် ၁၂ နာရီလောက်ကစတင်ကာ KNDF-B03၊ ဖယ်ခုံ PDF တပ်ရင်း-၂၊ အလယ်ပိုင်းတိုင်း PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အဆိုပါ ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို သေဆုံးနေတဲ့ အလောင်း ၁၉ လောင်းကို တွေ့ရှိခဲ့ရပြီး MA-3 ၂ လက်၊ MA-2 ၁ လက်၊ MA-1 ၁လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမ ပြောင်း ၂ ပြောင်း၊ RPG ၂ လက်နဲ့ ခဲယမ်းတွေ၊ အသုံးအဆောင်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မတ် ၁၂ ရက် ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးနေတာကို တွေ့ရကာ တိုက်ပွဲအတွင်း ဒေသခံ KNDF B (03) တပ်ရင်းဘက်က ရဲဘော် ၂ ယောက်နဲ့ ဖယ်ခုံ PDF တပ်ရင်း-၂ က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၂ တရက်တည်းမှာပဲ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တောင်ကုန်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNDF B (02)၊ B (03)၊ ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ဂျက်လေယာဥ် ၂ စီးနဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်ရဲ့ အလောင်းတွေနဲ့ အသုံးအဆောင်တွေလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၃ ရက် ည ၁၂ နာရီကျော်လောက်မှာတော့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်မ-၆၆ က တပ်သား ၁ ယောက် ကင်းထောက် ကျွံဝင်လာခဲ့ရာ KNDF-B09 က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးသွားပြီး သူကိုင်ဆောင်ခဲ့တဲ့ MA-3 သေနတ် ၁ လက်နဲ့ ကျည်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေ ထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက်ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s