မုံရွာ၊ ထနောင်းတောတောင်ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး ကျေးရွာလုံခြုံရေး လူငယ် ၁၂ ဦးကို ဖမ်းဆီးသွားကာ လူငယ်တ ချို့ အသတ်ခံထားရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်တပ်က ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် မီးရှို့ဖျက်ဆီးနေပြီး ကျေး ရွာလုံခြုံရေးလူငယ် ၁၂ ဦးကို ဖမ်းဆီးသွားကာ တချို့ သတ်ဖြတ်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးများနှင့်စစ်သားများက ထနောင်တောတောင်ကျေးရွာအတွင်းသို့ ဝင်ရောက် လာခြင်းဖြစ်ပြီး ကျေး ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း၊ ကျေးရွာလုံခြုံရေးလူငယ် ၁၂ ဦးကို လည်း ဖမ်းဆီးပြီး ၅ ဦးကိုလည်း သတ်ဖြတ်လိုက်သည်ဟု သိရှိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“မီးရှို့တာတော့ ဟုတ်တယ်။ ပေါက်ပင်ရွာလည်း ပြေးနေရတယ်။ ထနောင်းတောတောင်ရွာနဲ့ ပေါက်ပင်ရွာက နီးတယ်။ တိုက်ပွဲမဖြစ်ဘူးဗျ သူ့ဘာသာ ဝင်ရှို့တာ” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ပျူစောထီးရွာဖြစ်သည့် တောပုရွာတွင် အခြေချ၍ အနီးအနားရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ဝင်ရောက် မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း၊ ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ခင်းအစောပိုင်းတွင်လည်း မုံရွာ နမခ ဘက်မှ စစ်ကား ၃ စီးနှင့် စစ်ကောင်စီဝင် အင်အားအများအပြားဖြင့် ထွက်လာကြောင်း၊ မုံရွာ လဝက ရုံးအဟောင်းဘက်တွင် စစ်တပ်က ခြေလျင် စစ်ကြောင်း ထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူထံမှ သိရှိရသည်။

“တောပုပျူတွေက အဲဒီဘက်ကျေးရွာတွေ စစ်ကြောင်းထိုးတိုင်း အမြဲပါတယ်ဗျ။ အဲဒီအချိန်ဆို သူတို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ပြည်သူအိမ်တွေဆီကနေ ခိုးယူလေ့ရှိတယ်။ ဒီနေ့ စစ်ကြောင်း နှစ်ကြောင်းထိုးတာ။ စခ တွေ ဒီလောက်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း နှစ်ကြောင်း ခွဲထိုးပုံအရဆိုရင် သတင်းအတိအကျ ပေးသူရှိလို့ ဖြစ်နိုင်တယ်ဗျ။ ကာကွယ်ရေး အဖွဲ့တစ်ခုရဲ့ ရဲဘော် ၁၂ အဖမ်းခံရတယ်။ အဖမ်းခံရတာတော့ သေချာပါတယ်ဗျ။ အဖွဲ့နာမည်တော့ မသိရသေးဘူးဗျ” ဟု Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ထနောင်းတောတောင်ရွာနှင့် ထန်းလေးပင်ရွာဘက်များသို့ စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခံနေရသည့် ထနောင်းတောတောင်ရွာသည် အိမ်ခြေ ၂၀၀ ကျော် ရှိသည့် ကျေး ရွာဖြစ်ကြောင်း၊ စစ်တပ် ဝင်ရောက်မှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာခန့်ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြား ရေးတွင် ဖော်ပြထားသည်။

“အခုဆိုရင် ကာကွယ်ရေးအဖွဲ့တွေ အတွက် အခက်တွေ့ရတာက စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီဆိုရင် အရင်လို ကားတွေ မသုံးတော့ဘဲ ပြည်သူ့နေအိမ် ခြံဝင်းတွေထဲကနေ ဖြတ်သန်းသွားလာလုပ်လာတယ်။ ကာကွယ်ရေး အဖွဲ့တွေအတွက် မိုင်းဆွဲ တိုက်ခိုက်မှုတွေ မလုပ်နိုင်ဖို့နဲ့ ပြည်သူတွေကို လူသားဒိုင်းလုပ်ထားတော့ ချောင်းပစ်ဖို့က မလွယ်ကူဘူးဖြစ်နေတယ်။ ပြီတော့ စစ်ကြောင်းထိုးရာ လမ်းက တွေ့ရာ ပြည်သူကို ဖမ်းပြီး ဓားစာခံ ခေါ်တယ်။ အဲဒါမျိုးအရမ်းလုပ်လာတာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s