မော်လမြိုင်မြို့နယ်ရှိ အတ္တရံတံတား ကြံ့ခိုင်မှုနည်းလာ၍ အကန့်အသတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အတ္တရံမြစ်အားဖြတ်၍ တည်ဆောက်ထားသော အတ္တရံကြိုးတံတားသည် ကြံ့ခိုင်မှုအားနည်းလာသဖြင့် မတ်လ ၁၄ ရက် နေ့မှစ၍ မော်တော်ယာဉ်များအား အကန့်အသတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။

တံတားက မခိုင်တော့တာကြာပြီ။ တံတားပေါ်ကို ဖြတ်လို့ အလယ်နားရောက်ရင် ပိုသိသာတယ်။ တံတားက ယမ်းခါနေတာ။ ပြင်တာတွေလည်း ပြင်နေကြတာပဲ။ ပြင် မပြီးတာပေါ့။ ကားတွေကတော့ မနေ့ကမှ စပိတ်တာ။ ဆိုင်ကယ်တွေကတော့ ကိစ္စမရှိဘူး။ တိုးပြီး သွားလိုက်ကြတာပဲ။ ကားတွေကတော့ အကြာကြီးစောင့်ရတယ် ” ဟု မော်လမြိုင်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဘားအံ- ဇာသပြင်- မော်လမြိုင် ကားလမ်းပေါ်ရှိ အတ္တရံတံတား၏ ပင်မ အောက်ခြေခုံမှာ အက်ကွဲနေပြီး၊ သံမဏိဆိုင်းကြိုးများလည်း ယို ယွင်းလာသည်ကိုတွေ့ရှိရသဖြင့် ယာဉ်များအား အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုထားခြင်းဟုသိရသည်။

” မနေ့ကမှ တံတားကို နေပြည်တော်ကနေ လာရောက်စစ်ဆေးပြီး အောက်ခြေခုံ အက်ကွဲနေတယ်ဆိုတာကို သိရတာပါ။ အဲ့ဒီအခြေအနေကြောင့် တံတားကို တစ်ဖက်ဖွင့် တစ်ဖက်ပိတ် အဲ့ဒီလိုမျိုးပဲ သွားနေရပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကတော့ ဖြစ်တုန်းပါ ” ဟု မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း ၃၂၆ မီတာအရှည်ရှိမည့် အတ္တရံတံတားအသစ်အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စတင်ဆောက်လုပ်နေပြီး ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

” တံတားအသစ်က စဆောက်နေတာ နှစ်နှစ်ရှိပြီ။ အခုတော့ အောက်ခြေခုံတွေပဲ ပြီးသေးတယ်။ တံတားအဟောင်းရဲ့ ဘေးကပ်ရပ်မှာပါပဲ” ဟု လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြကြိုးတံတား ကျိုးကျခဲ့ပြီးနောက် ထိုတံတားနှင့် ဆောက်လုပ်ရေးနည်းပညာတူ ပုံစံတူသော ကြိုးတံတား ၁၅ စင်းအား အန္တရာယ်ရှိတံတားများအဖြစ် သတ်မှတ်ပြီး အသစ်ပြန်လည်တည်ဆောက်ရန် စီမံ ကိန်းများရှိခဲ့ကြောင်း သိရသည်။

အတ္တရံတံတားသည် ထိုတံတား ၁၅ စင်းတွင်ပါဝင်ပြီး အန္တရာယ်ရှိတံတား အဆင့် (၅) အဖြစ် သတ်မှတ်ခံထားရကာ ၁၃ တန်အောက် ယာဉ်များကိုသာ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

အတ္တရံတံတားကို ကွန်ကရစ်ထောက်တိုင်များ၊ သံမဏိဆိုင်းကြိုးများဖြင့် ဆောက်လုပ်ထားပြီး တံတားအရှည် ၁,၄၂၀ ပေရှိကာ နှစ်လမ်းသွား ကြိုးတံတားအမျိုးအစားဖြစ်သည်။

အဆိုပါတံတားကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ် မတ်လ၌ စတင်ဖွင့်လှစ် အသုံးပြုခွင့်ပေးခဲ့ခြင်းဟု သိရသည်။

အတ္တရံတံတားသည် မော်လမြိုင်အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတစ်လျှောက် ကုန်သွယ်စီးဆင်းမှု လျင်မြန်စေရန် ဆက်သွယ်ထားသော အရှေ့အနောက် စီးပွားရေးလမ်းနေရာတွင် တည်ရှိသည့် တံတား သုံးစင်းအနက် တစ်စင်းဖြစ်ပြီး ကျန်တံတားနှစ်စင်းမှာ ကော့ကရိတ်တံတားနှင့် ဇာသပြင်တံတားတို့ဖြစ်သည်mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s