မြန်မာ့ရွှေစျေး ရက်ပိုင်းအတွင်း ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်

ကမ္ဘာ့ရွှေစျေး အတက်နဲ့အတူ ဒီကနေ့ မတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်တွင်းရွှေစျေး တကျပ်သားကို ကျပ် ၂,၈၇၈,၀၀၀ သိန်းဝန်းကျင်ထိ ရောက်ရှိလာပြီး ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ စျေးကွက်ပေါက်စျေးနဲ့ နှိုင်းယှဉ်ရင် ရက်ပိုင်းအတွင်း ကျပ် ၅၀,၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။
ကမ္ဘာ့ရွှေစျေးကလည်း မတ် ၉ ရက်နေ့ မနက်မှာ တအောင်စကို ၁၈၁၅ ဒေါ်လာသာရှိခဲ့ပေမဲ့ ဒီနေ့ မတ် ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ တအောင်စကို ၁,၉၀၂ ဒေါ်လာထိ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၉၀ ဝန်းကျင် မြင့်တက်လာပါတယ်။
အမေရိကန် ဘဏ်ကြီး ၂ ခု ပြိုလဲပြီးနောက် ကမ္ဘာ့ရွှေစျေးပြောင်းလဲမြင့်တက်မှုမှာ မြန်မာ့ရွှေစျေးပါ လိုက်ပါမြင့်တက်လာတာလို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “ဒီကိစ္စ နောက်ဆက်တွဲက ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ပြည်တွင်းစျေးကတော့ ကမ္ဘာ့ရွှေစျေးတက်ရင် လိုက်တက်လာမှာပဲ “လို့ ပြောပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေစျေး မြင့်တက်လာမှုမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေစျေးနှုန်းလည်း သိသိသာသာ လိုက်ပါမြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့က (YGEA) ရည်ညွှန်းစျေးဟာ ၂,၁၅၉,၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ ဒီနေ့ မတ် ၁၄ ရက်နေ့ နေလယ်ပိုင်းမှာ ၂,၂၅၂,၅၀၀ ကျပ်ထိ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း ကျပ် ၉၀,၀၀၀ ကျော် မြင့်တက်လာပါတယ်။ DVB