ရေကာတာ စီမံကိန်းတွေမှာ အတိုင်ပင်ခံ လုပ် ကိုင်နေတဲ့ ဥရောပကုမ္ပဏီနှစ်ခု စစ်ကောင်စီထံမှ ‌ဒေါ်လာသန်းချီ ရရှိ

ဒေသခံပြည်သူတွေ တစိုက်မတ်မတ် ကန့်ကွက်နေတဲ့ကြားက ဆက်လက် အကောင်အထည်ဖော်နေတဲ့ ဘေးအန္တရာယ်ရှိတဲ့ ရေကာတာ စီမံ ကိန်းတွေမှာ ဥရောပ အင်ဂျင်နီယာကုမ္ပဏီနှစ်ခုက အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေပြီး၊ ၄င်းအတွက် စစ်ကောင်စီထံမှ ဒေါ်လာသန်းချီ ရရှိနေတယ်လို့ Justice For Myanmar(JFM) အဖွဲ့က ယမန်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ရဲရွာ၊ ပေါင်းလောင်းမြစ်ပေါ်က အလယ်ပေါင်းလောင်းနဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က သူဌေးရေအားလျှပ်စစ် စီမံကိန်းတွေအတွက် ဥရောပအင်ဂျင်နီယာ ကော်ပိုရေးရှင်းနှစ်ခုဖြစ်တဲ့ AFRY AB နဲ့ ILF Group တို့ကို အတိုင်ပင်ခံအဖြစ် ဒေါ်လာသန်းချီပေးပြီး ငှားရမ်းထားတာ ဖြစ်တယ်လို့ JFM ကဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ကာလတွေဖြစ်တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဆွီဒင်ကုမ္ပဏီဖြစ်တဲ့ AFRY AB ရဲ့ ကုမ္ပဏီခွဲဟာ အထက်ရဲရွာနဲ့ အလယ်ပေါင်းလောင်း စီမံကိန်း အတိုင်ပင်ခံလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၄.၆၈ သန်း၊ ဩစတြေးလျ အခြေစိုက် ILF Group ရဲ့ မြန်မာကုမ္ပဏီခွဲက သူဌေးရေအားလျှပ်စစ် စီမံကိန်းအတွက် ဒေါ်လာ ၁.၁သန်း ရရှိခဲ့ကြတာ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပြောဆိုထားပါတယ်။

အဆိုပါ ဥရောပကုမ္ပဏီနှစ်ခုလုံးဟာ မြန်မာနိုင်ငံကုမ္ပဏီ မှတ်ပုံတင်စာရင်းမှာ မှတ်ပုံတင်ထားဆဲ ဖြစ်ပါတယ်။ JFM ရဲ့ မေးမြန်းမှုအပေါ်မှာတော့ AFRY က အသေးစိတ်ပြန်လည် ဖြေကြားခြင်းမရှိပဲ၊ မြန်မာနိုင်ငံထဲမှာ သူတို့စီမံကိန်းတွေ ရှိတဲ့အကြောင်းကိုသာ ပြောကြားခဲ့ပါတယ်။ ILF Group ကတော့ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားပြီး လက်တလောမှာ ဆည်ရေပိုလွှဲလုပ်ငန်းအတွက် ရေလှောင်တမံခိုင်ခံ့ရေးနဲ့ မြေထိန်းနံရံ ခိုင်ခံ့ရေးတို့ကို အဓိကဆောင်ရွက်နေတယ်လို့ JFM ကို အတည်ပြု ပြောဆိုထားပါတယ်။

ဒီရေကာတာစီမံကိန်းတွေဟာ ယခင် NLD အစိုးရလက်ထက်ကထဲက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ အတိုင်ပင်ခံ ကုမ္ပဏီနှစ်ခုလုံးကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ဦးစီးဌာနတစ်ခုက ငွေပေးချေခဲ့တာ ဖြစ်ပါတယ်။

နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ရဲရွာ ရေလှောင်တမံ၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က သဌေးချောင်းရေလှောင်တမံနဲ့ ပေါင်းလောင်းမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အလယ်ပေါင်းလောင်း ရေလှောင်တမံ စတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ရေကာတာစီမံကိန်းတွေဟာ လူမှုဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများစွာ သက်ရောက်မှု ရှိတာတွေကြောင့် ဒေသခံပြည်သူလူထုက အပြင်းအထန် ဆန့်ကျင်ခဲ့ကြတဲ့ စီမံကိန်းတွေအဖြစ် လူသိများထင်ရှားပါတယ်။

လက်ရှိမှာလည်း လူ့အခွင့်အရေးအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်သူတွေနဲ့ ဒေသခံတွေက ဒီစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို နုတ်ထွက်ကြဖို့ တစိုက်မတ်မတ် ဆက်လက်တောင်းဆိုနေကြဆဲပါ။

အဆိုပါရေကာတာ စီမံကိန်းတွေအပါအဝင် မြန်မာနိုင်ငံအတွင်း တခြားကျန်ရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းမှန်သမျှကို မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရရှိတဲ့အချိန်အထိ တာဝန်သိစွာ ရပ်ဆိုင်းထားဖို့ AFRY အပါအဝင် ပါဝင်ပက်သက်နေတဲ့ကုမ္ပဏီအားလုံးကို တောင်းဆိုတယ်လို့ Justice For Myanmar အဖွဲ့က ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ AFRY နဲ့ ILF တို့လို ဥရောပကုမ္ပဏီတွေအနေနဲ့ အခုလိုမြန်မာပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံနေရတဲ့အချိန်မှာ အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းပြီး၊ လူမှုဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ရေကာတာ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက်ပံ့ပိုး ကူညီနေတာတွေ့ရလို့ စိတ်ပျက်မိတယ်လို့ ဆိုပါတယိ။

AFRY၊ ILF နဲ့ ပါဝင်တဲ့ အခြားကုမ္ပဏီအားလုံးအနေနဲ့ ၄င်းတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမယ့် ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး လုပ် ဆောင်ထားတွေကို ထုတ်ပြန်ဖို့၊ မြန်မာနိုင်ငံက ရေအားလျှပ်စစ် စီမံကိန်းအတွက် အတိုင်ပင်ခံလုပ်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျိုးကြောင်းလျှော်ကန်မှု ရှိကြောင်း သက်သေပြဆိုဖို့နဲ့ စီပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ လမ်းညွှန်အခြေခံမူတွေ၊ နိုင်ငံစုံစီးပွားရေး လုပ်ငန်းကြီးတွေအတွက် OECD ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဖြစ်ပြီးခဲ့တဲ့ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ပြန်လည်ကုစားခြင်းတွေအပါအဝင် လုပ်ဆောင်သင့်သည်များ လုပ်ဆောင်ဖို့ တောင်းဆိုကြောင်း Justice For Myanmar ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s