ရှမ်း-ကယားနယ်စပ်တွင် စစ်တပ်က စစ်ရှောင် ဘိုးဘွားဇနီးမောင်နှံကိုပါ သတ်ဖြတ်သွား 

ရှမ်း-ကယားနယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ယခုလ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း သက်ကြီးရွယ်အို နှစ်ဦးအပါအဝင် လူလေးဦးကို သတ်ဖြတ်သွားသည်ဟု သိရသည်။

ဖယ်ခုံမြို့နယ် လယ်ထွန်ရွာအနီးရှိ တောင်ကုန်းပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုသို့ ဝင်ရောက်လာပြီးနောက် စစ်တပ်က အသက် ၈၁ နှစ်အရွယ် ဒေါ်မူလူးနှင့် ၇၈ နှစ်အရွယ် ဦးလှငြိမ်းတို့ ဇနီးမောင်နှံကို တဲနှင့် တစ်ပါတည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက် ၁၅ နှစ်သား မောင်ကျော်ဟူးနှင့် ၄၅ အရွယ် ဦးသန်းအောင်တို့ကိုလည်း စစ်ရှောင်စခန်းအတွင်း သတ်ဖြတ်ခဲ့ကြောင်း မိသားစုဝင်တစ်ဦးနှင့် ဒေသခံနှစ်ဦးက ပြောသည်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ထွက်ပြေးကြရသည်ဖြစ်ရာ အထက်ပါ လေးဦး မည်သို့သေဆုံးခဲ့သည်ကိုမူ အသေးစိတ်မပြောနိုင်ကြပေ။

ဦးလှငြိမ်းမှာ တောင်တက်တောင်ဆင်း လမ်းကောင်းကောင်းလျှောက်နိုင်သူဖြစ်ပြီး ၈၁ နှစ်အရွယ် အဘွားမှာ မျက်စိမကောင်းသူဖြစ်ကြောင်း၊ ထိုနှစ်ဦးကို တဲအတွင်း ကြိုးတုပ်ကာ မီးရှို့သည်ဟု ယူဆရကြောင်း လယ်ထွန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“တဲမီးလောင်တာပေါ့နော်။ အဘွားတစ်ယောက်ကတော့ မျက်မမြင်ဘူးဆိုပေမဲ့ သွားနိုင်လာနိုင်သေးတယ်ရော။ အဘိုးက တောင်ပေါ်ကနေ ဟိုးတောင်အောက်အထိ ရေခပ်နိုင်သေးတယ်။ တဲမီးလောင်တယ်ဆို အဘွားကို သူမခေါ်သွားနိုင်စရာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် သတ်ဖြတ်ခံရသူတစ်ဦး၏ သမီးကလည်း စစ်ကြောင်းဝင်လာသည်ဟု သတင်းရကတည်းက တကွဲတ ပြားစီ ထွက်ပြေးကြရာ ဖခင်၏ကံကြမ္မာကို မျက်မြင်မတွေ့ခဲ့ရဘဲ ရုပ်အလောင်း၏ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ်ဒဏ်ရာတွေ့သည်ဟု ပြောသည်။

လယ်ထွန်ရွာနှင့် ခြေကျင် နှစ်နာရီခရီးရှိသည့် အဆိုပါ တောင်ကုန်းပေါ်တွင် စစ်ဘေးရှောင်အိမ်ထောင်စု ၆၇ စု ခိုလှုံနေပြီး လယ်ထွန်၊ ဖာလိုင်တောင်ခြေနှင့် ဆောင်ကန်းကျေးရွာများမှ လာရောက်တိမ်းရှောင်သူများဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်သေးဘူး၊ စစ်တပ်က အရင်ရောက်နေတယ်။ စစ်ရှောင်တချို့ ရှိနေတယ်။ (စစ်တပ်က) မီးရှို့တာရှိတယ်၊ သေနတ်နဲ့ ပစ်သတ်တာရှိတယ်။ သတင်းနောက်မှရလို့ PDF က နောက်မှတက်လာတယ်” ဟု ဖာလိုင်တောင်ခြေရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုနေ့ မွန်းလွဲ ၃ နာရီခန့်တွင် တောင်ကုန်းပေါ်သို့ ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟုလည်း အထက်ပါ ဒေသခံများက ဆိုသည်။ ထို့နောက် စစ်တပ်ထွက်သွားရာ ယမန်နေ့ (မတ်လ ၁၃) နံနက်တွင် ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းချိန်၌ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ အဆိုပါ တောင်ကုန်းပေါ်တွင် ပြန်လည်နေထိုင်ခြင်း မရှိသေးဟု သိရသည်။ အသတ်ခံရသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်း အထက်ပါဒေသခံများက အတည်ပြုသည်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) ၏ ယမန်နေ့ (မတ် ၁၃) သတင်းထုတ်ပြန်ချက်အရ တပ်မ (၆၆) စစ်ကြောင်းသည် အထက်ပါစစ်ရှောင်စခန်းသို့ ရောက်ရှိလာသဖြင့် ဖယ်ခုံ PDF တပ်ရင်း (၂) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၃) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပြင် ညနေ ၅ နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲခဲ့ပြီး ည ၇ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်သားအလောင်း ၄ လောင်းနှင့် စစ်အသုံးအဆောင်တချို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရမိကြောင်း ထုတ် ပြန်သည်။

ကရင်နီပူးပေါင်းတပ်များဘက်ကလည်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ ရဲဘော်တစ်ဦး၊ KNDF တပ်ရင်း (၃) မှ ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေကာ နေပြည်တော်နှင့် ထိစပ်နေသော ပင်လောင်းမြို့နယ် နန်းနိမ့်ရွာရှိ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသူ ၃၀ ခန့် ယခုလ ၁၁ ရက်က သတ် ဖြတ်ခံရသည်။

လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ် ဖော်ပြောဆိုသည်။ စစ်ကောင်စီကမူ အပြတ်အသတ် ငြင်းဆိုခြင်းမရှိဘဲ အရပ်သားပြည်သူများ အသတ်ခံရသည်မှာ ကောလာဟလသာဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တို့တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဒေသခံ ၆၀၀၀ ခန့် ထပ်မံစစ်ဘေးရှောင်ရသလို ပင်လောင်းမြို့နယ်တွင်လည်း ၆၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s