လူသတ်မှုဖြင့် စွဲဆိုခံနေရသူ GZ လူငယ်များကို လွှတ်ရန် ဝက်လက်မြို့တွင် တောင်းဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် GZ Special Task Force မှ အဖွဲ့ဝင်များကို ဖမ်းဆီးထားရာမှ ပြန်လွှတ် ပေးရန် ဒေသခံတို့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဌာနထံ မတ်လ ၉ ရက်နေ့တွင် လက်မှတ်ထိုး တောင်းဆိုထားသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဆားတောင်ကြီးကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးစန်း ပစ်ခတ်ခံရပြီး ပေါင်တွင် ကျည်ထိသွားရာ ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က GZ တပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့သည်။

ထိုအထဲမှ ၄ ဦးကို လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုထားပြီး ပလဖ စခန်းတစ်ခုတွင် အချုပ်ချထားသည်၊ ကျန် ၁၅ ဦးကို ပလဖ ရပ်ကျေးအဖွဲ့များထံတွင် အကျယ်ချုပ် ချထားသည်ဟု သိရသည်။

မည်သည့်ကာလတွင် စီရင်ချက် ချမည်၊ ထောင်ဒဏ် ချမှတ်မည်ဆိုပါက မည်သည့်ဒေသသို့ ပို့ဆောင်ချုပ်နှောင်မည် စသည့် အချက်များကို မသိရသေးပေ။

ထိုသူတို့ကို စွဲဆိုထားသည့်ပုဒ်မမှာ မျှတမှု မရှိဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့အဖွဲ့က ပြောသည်။

“သူတို့မလုပ်တဲ့အမှုအတွက် ဖမ်းဆီးချုပ်နှောင်ခံရသလို၊ တပ်ထားတဲ့ပုဒ်မကလည်း လူသတ်မှု ဖြစ်နေတယ်၊ သေနတ်ပစ်ခံရတယ် ဆိုတဲ့ ရပ်ကျေးပကဖက ပေါင်မှာ ဒဏ်ရာပဲ ရတာ၊ အသက်အန္တရာယ်လည်း မရှိဘူး။ ဒါကြောင့် မတရားလို့ ပြည်သူတွေရဲ့ သဘောထားဆန္ဒကို တင်ပြတာ” ဟု ထိုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနေမင်းခန့်က ပြောသည်။

လက်မှတ်များကို ဝက်လက်မြို့နယ်အတွင်းမှ GZ တပ်ဖွဲ့ထောက်ခံသူ ပြည်သူများထံမှ ကောက်ယူစဉ် ရန်ပြုခြင်းခံရမည်ကို စိုးရိမ်သည့်အ တွက် လျှို့ဝှက်ဆောင်ရွက်ခဲ့ရသည်ဟုလည်း ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အမှုနှင့် သက်ဆိုင်သူ လေးဦးကို လူသတ်မှု၊ ပူးပေါင်းပါဝင်မှုတို့ဖြင့် အရေးယူထားသည်၊ အမှုနှင့် ပတ်သက်ပြီး အထက်ဌာနများက ညွှန်ကြားထားခြင်း မရှိဟု ဝက်လက်မြို့နယ် ပလဖ တာဝန်ခံက Myanmar Now ကို မတ်လ ၁၄ ရက်နေ့တွင် ပြောသည်။

“အခုလည်း ကောင်းကောင်းမွန်မွန်ပါပဲ၊ မိဘအပေါင်းအသင်းတွေကအစ အကုန် ပေးတွေ့တယ်၊ ဘာမှ စိုးရိမ်စရာအကြောင်း ဘာမှမရှိပါဘူး။ သူတို့ (GZ) စာတင်တာတွေ ဘာတွေတော့ ရှိနိုင်ပါတယ်။ အထက် (NUG) က သီးသန့် ဘာမှ ညွှန်ကြားချက်မရှိပါဘူး။ ဒီမှာကတော့ စစ်တယ်၊ ကလေးတွေ ဝန်ခံတယ်ပေါ့ အပြစ်တော့ မချရသေးဘူး” ဟု ပလဖ တာဝန်ခံက ပြောသည်။

လွှတ်ပေးရန် လက်မှတ်ထိုး တောင်းဆိုထားသည့် ဝက်လက်ဒေသခံ အမျိုးသမီးတစ်ဦးက တော်လှန်ရေးကာလလွန်မှ ပြစ်ဒဏ်ချစေလိုသည်ဟု ပြောသည်။

”တကယ်ကို (တော်လှန်ရေး) လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တာမို့လို့, ကျွန်မတို့က လွှတ်ပေးဖို့ လက်မှတ်ထိုးပေးတာပါ။ ဒီကလေးတွေက တော်လှန်ရေးမှာ အမှန်တကယ်ကို လှုပ်ရှားနေကြတာမို့လို့ လွှတ်ပေးစေချင်တယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဌာနအတွင်းဝန် ဦးမင်းနောင်ခိုင်က လက်မှတ်ထိုးတောင်းဆိုထားသည့် စာများ လက်ခံရရှိသည်၊ အလေးအနက်ထား စဉ်းစားကာ ထိထိရောက်ရောက် ဖြေရှင်းသွားမည်ဟု Myanmar Now ကို ပြောသည်။

အာဏာသိမ်းမှုဆန့်ကျင်သူများ ပစ်သတ်ခံရအပြီး နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ပေါ်ပေါက်လာရာ ထိုအထဲတွင် ဝက်လက်မြို့နယ်မှ GZ Special Task Force လည်း ပါဝင်သည်။

ထိုအဖွဲ့၏ မတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် မိုင်းမတော်တဆဖြစ်ရပ်ကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း၊ တော်လှန်ရေးကာလ ၁၉ ဦးမြောက် သေဆုံးသည့် အဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ပြထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s