“ဝ” ဌာနချုပ်ပန်ဆန်းတွင် FPNCC အဖွဲ့ဝင်များ တွေ့ဆုံ

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ဌာနချုပ်ဖြစ်သည့် “ဝ”ပြည်နယ် ပန်ဆန်းမြို့တွင် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)၏ အဖွဲ့ဝင်များ ယခုရက်ပိုင်းအတွင်း တွေ့ဆုံနေကြောင်း သိရသည်။
FPNCC အဖွဲ့ဝင်များ ယခုရက်ပိုင်းအတွင်း တွေ့ဆုံနေသည်မှာ မှန်သော်လည်း မည်သည့်အကြောင်းအရာ ဆွေးနွေးနေသည်ကိုမူ မသိရှိရသေးဟု ရှမ်းပြည်တပ်မတော် (SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။
“တွေ့ဆုံတာတော့ ဟုတ်တယ်။ အသေးစိတ် မသိရသေးဘူး။ FPNCC အစည်းအဝေးလည်းမလုပ်တာ ကြာပြီလေ။ ဆွေးနွေးနေဆဲဖြစ်လို့ ကျနော်လည်း ဘာမှမသိရသေးဘူး”
အသေးစိတ် သိရှိနိုင်ရန်အတွက် FPNCC ၏ အထွေထွေအတွင်းရေးမှူး ဦးပေါက်ယူရိထံ ဆက်သွယ်မေးမြန်းဖို့ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြော သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက FPNCC အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)တို့ တွေ့ဆုံခဲ့ပြီးနောက် လက်ရှိ၌ FPNCC တပ်ဖွဲ့ဝင်များ ပြန်လည်တွေ့ဆုံနေကြခြင်းဖြစ်သည်။
FPNCC ကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီ ၁၉ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ရေးထိုးထားခြင်းမရှိသည့် UWSA အပြင် တအာင်း TNLA၊ ရှမ်း SSPP၊ ကိုးကန့် MNDAA၊ မိုင်းလား NDAA၊ ကချင် KIA၊ ရခိုင် AA တို့ဖြင့် ဖွဲ့စည်းထားသည်။mizzima