သုံးမရသည့် တိုက်လေယာဉ်များပြင်ရန် ပါကစ္စတန်အဖွဲ့ မြန်မာရောက်

ပါကစ္စတန်နိုင်ငံမှ ရောင်းချထားသည့် တိုက်ခိုက်ရေးစနစ် ချို့ယွင်းနေသော JF-17 တိုက်ခိုက်ရေးလေယာဉ်များကို ပြုပြင်ရန် ပါကစ္စတန် လေ ယာဉ်အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်နေသည်ဟု The Economic Times (ET)က မတ်လ ၁၅ ရက်တွင် ရေးသည်။
ပါကစ္စတန်နိုင်ငံတွင် တိုက်ခိုက်ရေးလေယာဉ် JF-17 များ ပြုပြင်ထိန်းသိမ်းသည့် ၆ လကြာသင်တန်းကို မြန်မာလေတပ်တာဝန်ရှိသူများ တက်ရောက်နေသည်ဟုလည်း ET က ဆိုသည်။
ပြီးခဲ့သည်နှစ်တွင်းကလည်း JF-17 ပြုပြင်ထိန်းသိမ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တွင် ပြုလုပ်ရာ ပါကစ္စတန်အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြောင်း၊ လက်နက်ထုတ်လုပ်ရန်နှင့် နည်းပညာအကူအညီများပေးရန် အခြားသော ပညာရှင်များလည်း မြန်မာနိုင်ငံသို့ သွား ရောက်ခဲ့သေးသည်ဟု ET သတင်းတွင် ဖော်ပြသည်။
JF-17 လေယာဉ်များသည် တရုတ်နှင့် ပါကစ္စတန် ၂ နှစ်နိုင်ငံ ပူးပေါင်းထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။ သို့သော် လေ ယာဉ် များမှာ နည်းပညာချို့ယွင်းခြင်းကြောင့် ရပ်ထားရပြီး စစ်ကောင်စီသည် ထိုလေယာဉ်များကို သုံးကာ ခုခံသူများကို တိုက်ခိုက်လိုနေသည်ဟုလည်း ET က ရေးသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက် လေတပ် (၇၅) နှစ်ပြည့် အခမ်းအနားတွင် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် Su-30 SME၊ ဘက်စုံသုံး အ ပေါ့စားတိုက်ခိုက်ရေးလေယာဉ် FTC 2000 G၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် Ka-28၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် FT-7 တို့ကို စစ်ခေါင်းဆောင်က တပ်တော်ဝင်စေခဲ့သည်။
ထိုအခမ်းအနားတွင် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်ရေးပြုလုပ်နိုင်ပြီဟုလည်း စစ်ခေါင်းဆောင်က ပြောသွားသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သူများကိုလည်း စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။myanmar now