KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ပုဒ်မ ၅၂(က)ဖြင့် စွဲချက်ထပ်တင်

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို မတ်လ ၁၄ ရက်က မြစ်ကြီးနားအကျဥ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ ၅၂(က)နဲ့ စွဲချက်ထပ်တင်လိုက်တဲ့အတွက် စုစုပေါင်း ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ခံထားရပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွတ်တော်ရှေ့နေ ဒေါင်နန်းက“မနေ့ကတော့ အမှုနှစ်ခုက ဆရာဆမ်ဆွမ်ရဲ့ တရားခံပြသက်သေ နှစ်ယောက်စစ်တယ်။ ပြီးရင် ဆရာဆမ်ဆွမ်ကို ၅၂ (က)နဲ့ စွဲချက်တင်တယ်။ မိသားစုဝင်တွေနဲ့က မနေ့က သူ့ရဲ့အမျိုးသမီးကို စစ်တော့ သူ့အမျိုးသမီးနဲ့တော့ တွေ့ခွင့်ရခဲ့တယ်ပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရုံးချိန်းတုန်းက ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၇(၁)နဲ့ ပုဒ်မ ၅၀၅(က)ကို စွဲချက်တင်အမိန့်ချခဲ့တာဖြစ်ပြီး မတ်လ ၁၄ ရက်က ပုဒ်မ ၅၂(က)ကို စွဲချက်တင် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ် ကြီး ဂွမ်မော်တို့တက်ရောက်တဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပဒ ၁၇ (၁) နဲ့တရားစွဲခဲ့တာပါ။
အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတစ်ခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေပါဝင်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က)နဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။
နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရား စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဖမ်းဆီးခံရတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ၄ လကျော်အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။
ခုလိုစွဲချက်တင်ခံရတဲ့အပေါ် တရားလွတ်တော်ရှေ့နေတစ်ဦးက “စွဲချက်တင်အမိန့်ချလိုက်တာက ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က ချေပခွင့်ရသွားပြီပေါ့။ စွဲချက်တင်ပြီးသွားတဲ့ ပုဒ်မတွေက ဒေါက်တာခလမ်ဆမ်ဆွန်ကို အပြန်အလှန် စစ်မေးလို့ ရသွားပြီ။ ပြစ်မှု ကျူးလွန်တယ်ဆိုရင် ကျူးလွန်တယ် မကျူးလွန်ရင် မကျူးလွန်ဘူး ချေပခွင့်ရသွားတာပေါ့” လို့ ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စာတင်ခဲ့ပေမယ့် အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သူ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားပြီး နောက်ထပ် ရုံးချိန်းကိုတော့ မတ်လ ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာလ ၅ ရက်က ဘန်ကောက်မြို့ကို သွားရောက်ဆေးကုဖို့ မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်းမှာ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခံရတာ ဖြစ်ပါတယ်။ DVB