Monthly Archives: Mar 2023

ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားက စစ်ကောင်စီတပ်သား အပြောင်းအလဲလုပ်တဲ့ စာရွက်စာတမ်းတွေကို သယ်လာတဲ့ ဒိုင်နာကားကို လုံခြုံရေးယူပြီး ရှေ့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ကို  မနေ့ညနေ ၃ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေစကြို-ချောင်းဦးကားလမ်းနဲ့ ရထားသံလမ်းကြားက မအူပန်းခြံနားမှာ အနီးကပ် တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

“ကျနော်တို့ဘက်က နာရီဝက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေကို မအူစခန်းက ဒိုင်နာကားနဲ့ ခလရ ၂၅၈ တပ်ရင်းထဲကို သယ်သွားကြတယ်။ မအူရဲစခန်းနဲ့ နီးတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး မြေပြင်စစ်ကူတွေ လိုက်လာလို့ ပြန်ဆုတ်တဲ့အချိန်မှာ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိပေမဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘဲ ဆေးဝါးကုသမှု ခံယူနေတယ်။”

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင် အမှတ်-၉ တပ်ရင်းနဲ့ Super Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မတ် ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစောထီးရွာ ၁ ရွာ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပေါက် PDF တပ်ရင်း-၄ ကနေ သိရပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းက သနပ္ပစင်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းကို မတ် ၁၅ ရက် မနက် ၈ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက် ခိုက်ခဲ့ကြတာလို့ ပေါက် PDF တပ်ရင်း-၄ ရဲ့ တာဝန်ခံ ဗိုလ်ငသွေးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး ပိတ်မိနေတာကြောင့် လေကြောင်းပစ်ကူ ခေါ်ယူတဲ့အတွက် Mi35 တိုက် ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့  လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်ဟာ သနပ္ပစင်းကျေးရွာ ပတ်ချာလည်ကို ၅ ကြိမ်လောက် ကျည်ကုန်တဲ့အထိ ပစ်ခတ်ခဲ့လို့ သူတို့လူတွေကို ထိတယ်လို့တော့ သတင်းကြားတယ်။ စစ်ကောင်စီစစ်ကြောင်းက သူတို့တပ်စွဲထားတဲ့ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ဗိုလ်ငသွေးက ပြောပါတယ်။

ပေါက်မြို့နယ်မှာမြောက်ပိုင်းကို ထိရင် တောင်ပိုင်းကကြွတယ်ဆိုတဲ့သဘောနဲ့ ဒီးတုတ်ကွင်း ပျူစောထီးရွာကို ညနေ ၄ နာရီလောက်က King Fighter တပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ အလုံး ၄၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB

အင်းတော်၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ခင်ဦးဒေသခံ ၁,၅၀၀ ကျော် ထွက်ပြေး၊ ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးမှူး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူး-နန့်စီးအောင် လမ်းပိုင်းနဲ့ မော်လူး-အင်းတော် လမ်းပိုင်းမှာ မတ်လ ၁၄ ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီယာဉ်တန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ Tiger Army အဖွဲ့က မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

“နန့်စီးအောင်ဘက်က‌နေ ဆင်းလာတဲ့ စစ်ကား ၃ စီးကို Tiger Army အဖွဲ့က ရှေ့ထွက်မိုင်း ၉ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီအချိန်လောက်မှာ မိုးညှင်းဘက်က‌နေ ဆင်းလာတဲ့ စစ်တပ်က ရိက္ခာသယ်လာတဲ့ကား ၄ စီးကို မော်လူးနဲ့ နဘားကြားမှာ KIA၊ KPDF ပူးပေါင်းအဖွဲ့က ၃ နေရာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိအခိုက် အသေအဆုံး များနိုင်ပြီး စစ်ကားတစီးလည်း နေရာမှာတင် ထိုးရပ်သွားတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကားတွေက လမ်းတလျှောက် ရမ်းသန်းပစ်ခတ်ခဲ့ရာ ညအချိန် ကျွဲပျောက်လို့ရှာနေတဲ့ အသက် ၃၀ ကျော်အရွယ် တုံးလုံရွာသား အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နဘားရွာအနီးကို လက်နက်ကြီးတွေနဲ့ ၃ နာရီကြာ ရမ်းသန်းပစ်ခတ်ခဲ့ရာ ကမ်းနီရွာက လူနေအိမ် ၁ လုံးနဲ့ နန်းမကြိုင်းရွာက နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး နဘားရွာက ဈေးဆိုင်တွေကိုလည်း ဝင်ရောက်ရှာဖွေကာ ခရီးသွား ကားသမား‌တွေဆီက လက်ကိုင်ဖုန်း ၄ လုံးနဲ့ ပိုက်ဆံ ၁၅ သိန်း ယူဆောင်သွားတယ်လို့ IR အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာ အရှေ့ဘက် သံဘိုရွာနဲ့ ကြိုကန်ရွာကို မတ်လ ၁၅ ရက် နေ့လယ်လောက်က စစ်ကောင်စီရဲ့ ရွှေဘိုလေ့ကျင့်ရေးတပ်က အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်း ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၁,၅၀၀ ကျော် မိုးလေထဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်လာတဲ့အတွက် သံဘိုရွာက ဒေသခံပြည်သူတွေဟာ  အသက်လုပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ရာ ဆိုလာမီးကနေ ရှော့ဖြစ်ပြီး နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုးခဲ့ရတယ်လို့ ကျေးရွာကာကွယ်ရေးအဖွဲဝင်တဦးက ပြောပါတယ်။

မတ်လ ၁၃ ရက်ကလည်း ရွှေဘို ကိုပင်ရွာကနေ စစ်ကြောင်းထိုးဝင်ရာက်လာပြီး စစ်ကောင်စီတပ်တွေက သံဘိုရွာက ကာကွယ်ရေးအဖွဲဝင် ကင်းထောက်နှစ်ဦးကို ဖမ်းဆီးကာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလက သံဘိုရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က  မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက် ပြေးတိမ်းရှောင်ရင်း နီးစပ်ရာ တောထဲမှာပဲ တဲထိုးနေထိုင်ခဲ့ရာ စစ်ကောင်စီတပ်တွေက တောထဲထိ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ မတ် ၁၅ ရက် ညနေပိုင်းက မီးသတ်ဦးစီးဌာန မြို့နယ်မှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးခူးပိုလီကပ်ဟာ နေအိမ်မှာရှိနေစဉ် အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မီးသတ်ဌာနနဲ့နီးစပ်သူ ဒေသခံတဦးက “ညနေ ၄ နာရီလောက်က ဝန်ထမ်းအိမ်ရာထဲမှာ မြို့နယ်မှူးက သူ့သားကို ထမင်းကျွေးနေတုန်း လာပစ်သွားတာ။ သေနတ်နဲ့ သုံးချက်ပစ်တယ်။ ဘယ်သူပစ်တာလဲ ဆိုတာတော့ မသိလိုက်ဘူး” လို့ ပြောပါတယ်။

အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးခူးပိုလီကပ်ဟာ ရင်ဘတ်နဲ့ ခါးကို ကျည်ထိမှန်ပြီး မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသစဉ် သေဆုံးခဲ့ပါတယ်။

ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ပါတယ်။ DVB

ပခုက္ကူမြို့အဝင်ရှိ ကျောက်လှေခါး စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်ရှိ ကျောက်လှေခါး အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီခန့်က ပခုက္ကူမြို့အဝင် GTC ကျောင်းအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကျောက်လှေခါး စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” နံနက် ၅ နာရီ လောက်ဝင်ပစ်တာ ကျောက်လှေခါး စစ်ခွေး စစ်ဆေးရေးဂိတ်ကို စစ်ခွေး ၃ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူ့ ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဂဠုန်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင်၊ ​ကျေးလက် ဒေသ ပြောက်ကျားတပ်ဖွဲ့ MRGF၊ မြင်းခြံ ခရိုင် တပ်ရင်း ၁ ၊ နဂါးနီတပ်ပေါင်းစု တပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

အင်းစိန်ထောင်တွင် အမျိုးသမီးနိုင်ငံရေးအ ကျဉ်းသားများကို သင်္ကြန်ကာလဖျော်ဖြေရန်အတွက် စာရင်းကောက်နေဟုဆို

သင်္ကြန်ကာလဖျော်ဖြေမှုများ ပြုလုပ်ရန်အတွက် အင်းစိန်ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကို စာရင်းကောက်ခံနေသည်ဟုသိရသည်။

မတ်လဆန်းပိုင်းအတွင်းက စာရင်းများ ကောက်ယူနေခြင်းဖြစ်ပြီး အမျိုးသမီးသမီးငယ်များကို အဓိကထားစာရင်း ကောက်ယူခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်တွင်း ရောက်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူ တစ်ဦး၏ ပြောပြချက်ကို သူမနှင့်နီးစပ်သူများက မဇ္ဈိမသို့ပြန်လည်ပြောပြသည်။

“နင်တို့ကို သင်္ကြန်ပွဲတွေမှာ ဖျော်ဖြေရမယ်ပေါ့။ ပထမဖျော်ဖြေရမယ်ဆိုတော့ ယိမ်းကရမှာလားပေါ့နော်။ အဲဒီလိုမျိုးမဟုတ်ဘူး။ ယိမ်းမတိုက်ရဘူး။ အကျီတွေဘာတွေလည်းမချုပ်ရဘူး။ ဘောင်းဘီSexy ပုံစံမျိုးတွေ ဝတ်ပြီးဖျော်ဖြေရမယ်ဆိုပြီးပြောတယ်” ဟု ဆိုသည်။

အကျဉ်းထောင်အာဏာပိုင်များသည် နာမည်စာရင်းအတိအကျဖြင့် မဖြစ်မနေပါဝင်ကြရန်အတွက် စာရင်းကောက်ခံခဲ့ကြသည်ဟု ဆိုသည်။

အသက်၂၀ ဝန်းကျင်ခန့်သာရှိသေးသည့် အဆိုပါနိုင်ငံရေးအကျဉ်းသူသည် ဖျော်ဖြေရမည့်သူများစာရင်းတွင် ပါဝင်နေပြီး သတင်းစကားကို မတ်လ ၈ရက်နေ့တွင် သူမနှင့်နီးစပ်သူများထံသို့ ပြောပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများကို ဖျော်ဖြေရန်အတွက် အသုံးပြုမှုအပေါ်တွင် အသံ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ဒါရိုက်တာ မဇက်ပီက ”ဒီကိစ္စက လူ့အခွင့်အရေးချိုးဖောက်ရုံတင်မကဘူး၊ အကျဉ်းထောင်ထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်အောင်ပျက်ပြားအောင် ပိုပြီးတော့အဆင်မပြေအောင်လုပ်တယ်လို့မြင်တယ်” ဟု ဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံပြည်ထဲရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံးသို့ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

အင်းစိန်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအတွက် အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ထောင်တွင်းသင်္ကြန်ပြုလုပ်နိုင်ချေရှိကြောင်းနှင့် ဖျော်ဖြေမည့်ကဏ္ဍများတွင် ပါဝင်ချင်သည့်သူများကို စာရင်းကောက်ခံခြင်းပြုလုပ်နေသည်ဟု ၎င်းအနေဖြင့်ကြားသိရကြောင်း မဇ္ဈိမသို့ပြောသည်။

“ကျနော်သိသလောက်က တွန်းအားပေးပြီးလုပ်တာမဟုတ်ဘူး မပါချင်လည်းရတယ်လို့ကြားတယ်” ဟုဆိုသည်။

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် နောက်ထပ်အမျိုးသမီးရှေ့နေတစ်ဦးကမူ ပြီးခဲ့သည့် နှစ်သင်္ကြန်တွင်းကလည်း ယခုကဲ့သို့ပင်စာရင်းများကောက်ယူကာ ဖျော်ဖြေပွဲများပြုလုပ်ခဲ့ပြီး ပါဝင်သူများနှင့် မပါဝင်သူများကြားတွင် ကတောက်ကဆ ဖြစ်ခဲ့သည်ဟု ပြောပြ သည်။

၂၀၂၂ခုနှစ်ပြုလုပ်ခဲ့သည်ဟူသော သတင်းအချက်အလက်ကိုသာရရှိခဲ့ပြီး မည်သည့်အချိန်နှင့်နေရာများတွင် ပြုလုပ်ခဲ့သည်မူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်မှုမရှိသေးပေ။

ပြင်ပတွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များနှင့်တော်လှန်ရေးရဲဘော်ရဲဘက်များအနေဖြင့် အမျိုးသမီးများကို စစ်ကောင်စီက ကျင်းပမည့်သင်္ကြန်မဏ္ဍပ်များနှင့် အခြားနေရာများတွင် ဖျော်ဖြေရန်အတွက် အသုံးပြုမည်ကို စိုးရိမ်လျက်ရှိနေကြသည်။

“အပြင်ထုတ်ပြီးတော့ ဖျော်ဖြေခိုင်းမှာမဖြစ်နိုင်ဘူးလေ။ ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ ။ ထွက်ပြေးရင် အကျဉ်းဦးစီးဌာနဝန်ထမ်း ထောင် ထဲဝင်ရမှာ” ဟု အင်းစိန်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအတွက် အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ဆိုသည်။mizzima

ကျောက်မဲတွင် အရပ်သား ၂ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ခိုယောင်းကျေးရွာ၊ ကျင်တီချောင်းမှာ ငါးမျှားကြတဲ့ အမျိုးသား ၂ ဦး မတ်လ ၁၄ ရက် ညပိုင်းက မိုင်းနင်းမိတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးစလုံး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီည ၇ နာရီခွဲလောက်က ကျင်တီချောင်းအစပ်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိတာကြောင့် ဒေသခံတွေကနေ လူမှုကူညီရေးအသင်းတွေကို အကူအညီ တောင်းခဲ့တာပါ။

ပေါက်ကွဲမှုကနေ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးဟာ အသက် ၂၀ အရွယ်နဲ့ ၂၈ နှစ် အရွယ်တို့ ဖြစ်ကြပြီး မိုင်းစတွေက မျက်နှာ၊ လက် ကောက်ဝတ်နဲ့ ခြေထောက်တွေကို ထိမှန်ခဲ့တဲ့ အမျိုးသားတဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အပြင် ကျောက်မဲဆေးရုံမှာ အရိုးအကြော ခွဲစိတ် ကုဆရာဝန် မလုံလောက်တာကြောင့် လားရှိုးဆေးရုံကို ပြောင်းလဲကုသမှု ခံယူနေရတယ်လို့ သိရပြီး ဘယ်တပ်ဖွဲ့က မိုင်းလည်း မသိရသေးပါဘူးလို့ ဆိုပါတယ်။

“သူတို့က ငါးသွားရှာတာ၊ အဲ့မှာ အခန့်မသင့်ရင်းနဲ့ နင်းမိတာပေါ့။ လက်ကျန်မိုင်းလား ဒါမှမဟုတ် အရင်တိုက်ပွဲ‌တွေဖြစ်ပြီးမှ မကွဲတဲ့မိုင်းကို ဆွဲမိသလား၊ စနစ်တံဖြုတ်မိသလား၊ အဲ့လိုအပိုင်းတွေ ရှိတယ်ပေါ့။ တယောက်ကတော့ လက်မနဲ့ လက်ကောက်ဝတ်ကြား တော်တော်ထိသွားတယ်။ ခြေထောက်မှာလည်း ၁ လက်မလောက် ဗုံးဆန် နစ်ဝင်နေတယ်။ ထိတာကတော့ ခန္ဓာကိုယ်အနှံ့ပေါ့၊ သူ့ကိုတော့ လားရှိုးကို ပို့ပေးထားပါတယ်။ နောက်တယောက်ကတော့ ဒဏ်ရာသိပ်မရလို့ ကျောက်မဲမှာပါပဲ” လို့ ကျောက်မဲအခြေစိုက် လူမှုကူညီရေးအသင်းက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ၂၀၂၂ ခုနှစ်က RCSS နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ တိုက်ပွဲငြိမ်နေပေမဲ့ လက်ကျန်မိုင်းတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူထိခိုက်ဒဏ်ရာရရှိတာတွေ ရှိနေပေမဲ့ စစ်ကောင်စီနဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက်စစ်ဆေးမှုနဲ့ ကူညီဆောင်ရွက်ပေးတာတွေ မရှိတာကြောင့် ဒေသခံတွေက မြို့ခံပရဟိတအသင်းတွေကိုပဲ အားထားနေရပါတယ်။

၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကျောက်မဲမြို့နယ်ထဲမှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ် ၁၃ ကြိမ်ထက်မနည်း ရှိနေပြီလို့ မြိုခံလူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ DVB

မတ္တရာနှင့် စစ်ကိုင်း အစပ်ရှိ ရွာ ၇ ခုကို စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရပြီး ဒေသပြည်သူ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်ရှိ ကျေး ရွာ ၇ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်အတွင်းရှိ ဒေါင်းကျွန်းရွာ၊ အိုင်ဒိုင်ရွာ၊ စုပေါင်းကျွန်းရွာနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ထုံးဘိုရွာ၊ အုပ်စုငါးရွာ၊ မယ်ဇလီချောင်းရွာ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သော​ကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့ ညနေပိုင်းကတည်းက မတ္တရာဘက်က စစ်ခွေးတွေ စစ်ကိုင်း ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်လိုက် အီနာနဲ့ဗုံးကျဲလိုက် လုပ်နေလို့ စစ်ကိုင်းနဲ့ မတ္တရာမြို့နယ် အစပ်က ဧရာ၀တီ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ပြည်သူ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်။ ပြည်သူ ၂ ဦး လက်နက်ကြီး ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရ​ထားတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။khit thit

စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းတချို့တွင် NVC ကတ် ထုတ်ပေးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ယခုရက်ပိုင်းအတွင်း နိုင်ငံသားစိစစ်မှုသက်သေခံကတ် (National Verification Card – NVC) ထုတ်ပေးနေကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် သံတမန်များ ထိုစခန်းများသို့ သွားရောက်ခဲ့ပြီး နောက်တစ်နေ့ (မတ် ၉) မှစ၍ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ အရာရှိများက ကွင်းဆင်းပြီး ထုတ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

စစ်တွေမြို့မှ ၂ မိုင်ခန့်အကွာရှိ သက်ကေပြင်ဒုက္ခသည်စခန်းသို့ သံတမန်အဖွဲ့ လာရောက်စဉ် လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) လျှောက်ထားခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ထိုစခန်းမှ ရိုဟင်ဂျာများက ပြောသည်။

“ကျွန်တော်တို့ ဒီစခန်းမှာ အိမ်ထောင်စုစာရင်းမရှိတဲ့ အိမ်ထောင်စု ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ တချို့က ပျောက်သွားတယ်။ တချို့က ပဋိပက္ခဖြစ်စဉ်မှာ ပါသွားတယ်။ နောက်ပြီးတော့ မွေးစာရင်း မရှိတော့ (အိမ်ထောင်စုစာရင်း) တင်လို့ မရဘူးဖြစ်နေတယ်။ အဲဒါတွေကို တင်ပြခဲ့ကြတယ်” ဟု ထိုဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

နောက်တစ်နေ့တွင် လဝကအရာရှိများ စခန်းသို့ ရောက်လာပြီး NVC ကတ်များ ထုတ်ပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

“NVC တစ်ခုပဲ လုပ်ပေးပါတယ်။ အိမ်ထောင်စုစာရင်းကိုကျတော့ ရုံးကို သွားပြီးတော့ လုပ်ရမယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

NVC ကတ်ဆိုသည်မှာ မှတ်ပုံတင် (နိုင်) ကတ် လျှောက်ထားနိုင်ရန် ထုတ်ပေးသော နိုင်ငံသားစိစစ်မှုသက်သေခံကတ်မျိုးဖြစ်ပြီး ရိုဟင်ဂျာများကို ၂၀၁၉ ခုနှစ်အတွင်းက တစ်ကြိမ် ထုတ်ပေးခဲ့ဖူးသည်။ 

မတ်လ ဒုတိယပတ်မှစ၍ စစ်ကောင်စီလက်အောက်မှ လဝကဌာနသည် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများအနက် သက်ကေပြင်နှင့် ဘောဒူဘစခန်းတွင် တစ်နေ့လျှင် လူ ၃၀ ခန့်ကို ကတ်ထုတ်ပေးနေသည်။ 

အရေအတွက် မည်မျှထုတ်ပေးမည်ကို မသိရသေးပေ။

ထိုကတ်နှင့် ပတ်သက်ပြီး ရိုဟင်ဂျာအချို့က စိတ်ဝင်စားမှု နည်းပါးကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။ ၂၀၁၉ ခုနှစ်အတွင်း NVC ကတ် ရရန် ကြိုးပမ်းခဲ့ဖူးသည်ဟု သူက ဆိုသည်။ 

“အဲဒီတုန်းကလည်း ဥပမာ နိုင်ငံသားပြုခွင့် တစ်ထောင်လောက် လျှောက်ထားတယ်ဆိုရင်  ၅၀၀ လောက် ရခဲ့ကြတယ်။ ကျန်တဲ့ ၅၀၀ လောက်က ပျောက်သွားတယ်။ ကျွန်တော်ပါ ကိုယ်တိုင်လျှောက်ခဲ့တယ်၊ မရခဲ့ဘူး” ဟု သူက ပြောသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ထိုကတ်အတွက် ငွေကုန်မည်ကို စိုးရိမ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ သဲ‌ချောင်းဘက်ကိုတော့ မရောက်ပါ။ သက်ကေပြင်ဘက်မှာ ထုတ်ပေးနေတာကိုလည်း အတိအကျ စုံစမ်းကြည့်ရဦးမယ်” ဟု သူက ပြောသည်။ 

နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲရှိသော ဒုက္ခသည်စခန်းမှ ထွက်ပြီး ပြည်ပသို့ သွားရောက်လိုသူများ၊ ဒေသတွင်း ရေလုပ်ငန်းကဲ့သို့သော နေရာများတွင် လုပ်ကိုင်လိုသူများက NVC ကတ် ရလိုကြသည်ဟု ဆိုကြသည်။  

 “ဒီ NVC ကတ်ကို လျှောက်တယ်ဆိုတာက မတတ်သာလို့၊ တချို့မိန်းကလေးတွေ အိမ်မှာနေပြီးတော့ ဘဝတိုးတက်တာ မဟုတ်၊ နိုင်ငံခြားပဲ သွားတော့မယ်ဆိုပြီးတော့ NVC ကတ် ယူတယ်။ NVC ယူပြီးတော့ မှတ်ပုံတင်လျှောက်တယ်။ မှတ်ပုံတင်လျှောက်ရင် ဆင့်ကဲဆင့်ကဲ ငွေကုန်တယ်” သဲချောင်းစခန်းမှ လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

“စစ်တွေမှာ မှတ်ပုံတင်လျှောက်တယ်ဆိုရင် နေပြည်တော်တင်ရမယ်ဆိုပြီးတော့ နေပြည်တော်မှာ တစ်နှစ် လောက် ကြာတယ်။ နေပြည်တော်မှာ တင်ထားတာကို ပြန်ကျလာဖို့အတွက် အဲဒီမှာတစ်ခါ ငွေကုန်ရသေးတယ်။ ဒုက္ခကတော့ တခါမှ မပြီးတော့ဘူး။ ဒီလိုဆက်တိုက်သွားနေတာ”

စစ်တွေမြို့အနောက်ဘက် ၂ မိုင်ဝန်းကျင်ခန့်သာဝေးသော သဲချောင်း၊ သက်ကေပြင်၊ ဘောဒူဘ၊ အုန်းတစ်ပင်၊ ရော်ဘာခြံ၊ အုန်းတောကြီး (တောင်) ၊ အုန်းတောကြီး (မြောက်) အပါအဝင် ဒုက္ခသည်စခန်း စုစုပေါင်း ၁၄ ခုတွင် ခန့်မှန်းလူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။ 

စခန်းအတွင်း လှုံနေကြသူများမှာ ၂၀၁၂ ခုနှစ် စစ်တွေမြို့ပဋိပက္ခဖြစ်စဥ်တွင် နေရပ်စွန့်ခွာခဲ့ကြသူများ ဖြစ်သည်။ 

နိုင်ငံသားကတ် လျှောက်ထားရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာနရုံးသို့ သွားလျှင် ရုံးဝန်ထမ်းများက   ပွဲစားနှင့်သာ ဆက်သွယ်လုပ်ကိုင်ရန် လမ်းညွှန်လေ့ရှိသည်ဟု ဆိုသည်။

“လဝက ရုံးကိုသွားရင် လဝက က လုပ်ပေးရမဲ့တာဝန်ရှိတယ်။ သူတို့က ပွဲစားကိုညွှန်တယ်။ ပွဲစားက   ပထမ ပြောတုန်းက လေး၊ ငါးသိန်း ကုန်မယ်ပြောတယ်။ အဲဒီလိုနဲ့ လူကိုလက်ခံလို့ရပြီးတာနဲ့ နောက်ထပ် ငါးသိန်းပေးရမယ်။ အရင်လိုချင်ရင်  ငါးသိန်းပေးရမယ်။ အဲလိုအဲလိုနဲ့ ၁၅ သိန်းကျော် ကုန်တယ်။ ဒီကိစ္စက အခုထိ ပုံမှန်ဖြစ်နေဆဲပါ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အလားတူ မောင်တောခရိုင်တွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများမှာလည်း နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ကတ် ခေါ်  နိုင်ငံသားပြုခွင့်ရ အမျိုးသားမှတ်ပုံတင်ကတ်တို့ ရရှိရန်  ကျပ်သိန်း ၈၀ အထိ အကုန်အကျ ခံနေရသည်ဟု ဆိုကြသည်။

နိုင်ကတ်အတွက် သိန်း ၈၀၊ နိုင်ငံသားစိစစ်မှု သက်သေခံကတ် NVC အတွက် အနည်းဆုံး သိန်း ၂၀ အထိ ပေးနေရသည်ဟု ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့်  Border News Agency (BNA) က မောင်တောမြို့ပေါ်မှ ရိုဟင်ဂျာတစ်ဦးကို ကိုးကားပြီး မတ် ၅ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

ကတ်များ ရရှိရေး ပွဲစားများနှင့် ဆက်သွယ်ပြီး ငွေအကုန်ခံရသည်ဟူသော ပြောဆိုချက်၊ ရေးသားချက် များနှင့် ပတ်သက်ပြီး လဝကဌာန တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရိုဟင်ဂျာ သုံးသိန်းဝန်းကျင်ရှိပြီး အများစုမှာ မည်သည့်ကတ်မှ မကိုင်ဆောင်ဘဲ အနည်းစုမှာ  NVC ကတ် ကိုင်ဆောင်ထားကြသူများဖြစ်ကြသည်။

၂၀၁၇ တွင်လည်း စစ်တပ်က ရွာများကို စီးနင်းတိုက်ခိုက်မီးရှို့ခဲ့ရာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် လအတန်ကြာတွင် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု ပြောဆိုလာသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတကာ အသိအမှတ်ပြုခံရမှု ရရှိလိုသဖြင့် ရိုဟင်ဂျာအရေးကို အသုံးချနေသည်ဟုလည်း ဝေဖန်ခံနေရသည်။myanmar now

အင်းတော်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ၄ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်တွင် မတ်လ ၁၄ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း လေးကြိမ်တိုက်ခိုက်ခံရပြီး ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း Indaw Revolution – IR မှ ယမန်နေ့ မတ်လ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

အင်းတော်မြို့နယ် မော်လူး-နန့်စီးအောင်လမ်းပိုင်းနှင့် မော်လူး-အင်းတော်လမ်းပိုင်းတွင် မတ်လ ၁၄ရက်နေ့က စစ်ကောင်စီတပ်ကားများအား KIA၊KPDFပူးပေါင်းတပ်ဖွဲ့နှင့် Tiger Armyအဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ကားလေးစီးဆင်းလာခဲ့တာပေါ့နော်၊ ရိက္ခာကားတွေ ကားလေးစီးမှာမှ တစ်စီးကတော့ ပျက်စီးသွားတယ်။ အဲဒီနားမှာတင် ထိုးရပ်သွားတယ်။ တခြားအထိခိုက်ကတော့ ညဆိုတော့ သေချာမသိရဘူးဗျ။ သူတို့တွေကတော့ အင်းတော်တပ်ကုန်းရောက်တော့ အော်ဟစ်ဆဲဆိုနေကြတယ်။ အဲဒီနေ့ညမှာ ဘေးပတ်ဝန်းကျင်တွေကို လက်နက်ကြီးလက်နက်ငယ်တွေရမ်းဖောက် ပစ်ခတ်နေတာ” ဟု IR-Team မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

မတ်လ ၁၄ရက် နံနက် ၈နာရီအချိန်တွင် လမ်းလုံခြုံရေးယူရန် နန့်စီးအောင်မှဆင်းလာသော စစ်ကားသုံးစီးအား Tiger Armyအဖွဲ့မှ ရှေ့ထွက်မိုင်း ကိုးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ည ၉နာရီအချိန်ခန့်တွင်လည်း မိုးညှင်းဘက်မှဆင်းလာသော စစ်ရိက္ခာကား လေးစီးအား မော်လူးနှင့်နဘားကြားတွင် KIA၊ KPDFပူးပေါင်းအဖွဲ့များမှ နေရာသုံးခုခွဲကာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် နဘားရွာအနီးတွင် လက်နက်ကြီးများဖြင့် သုံးနာရီကြာ ရမ်းသန်းပစ်ခတ်သဖြင့် ကမ်းနီရွာရှိ နေအိမ်တစ်လုံးနှင့် နန်းမကြိုင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် နဘားရွာရှိ ဈေးဆိုင်ခန်းများကိုလည်း ဝင်ရောက်မွေနှောက်ကာ လမ်းမပေါ်တွင် မောင်းနှင်လာသော ယဉ်မောင်းကားဆရာများ၏ လက်ကိုင်ဖုန်းများနှင့် ပိုက်ဆံများကို လုယူကာ ယူဆောင်သွားကြောင်းလည်း ဆိုသည်။

ဆက်လက်၍ အဆိုပါစစ်ကောင်စီတပ်သားများသည် ညအချိန်တွင် ကျွဲပျောက်လို့ရှာနေသည့် တုံးလုံရွာသား အသက် ၃၀နှစ်အရွယ် ကိုအောင်ကောက် ဆိုသူကို ဖမ်းဆီးရိုက်နှက်ကာ ယနေ့နံနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျွဲပျောက်လို့ရှာတာ ကားလမ်းမမှာ အဲဒီစစ်ကားတွေနဲ့တိုးတော့ ဖမ်းပြီးတော့ရိုက်တာပေါ့။ သူ့အမေကို ဖုန်းဆက်ပြီး ခင်ဗျားတို့သားကို မနက်ဖြန်အလောင်းလာထုတ်ဆိုပြီးပြောတာ ဒီမနက်သွားခေါ်တော့ မသေဘူးတဲ့ ရိုက်ပဲရိုက်နှက်ခံထားရတာတဲ့” ဟု ၎င်းတာဝန်ရှိသူက ဆို သည်။

အင်းတော်မြို့နယ် တုံးလုံကျေးရွာသည် စစ်တပ်ထောက်ခံသောကျေးရွာဖြစ်၍ ယခုလို ပြန်လွှတ်ပေးခြင်းဖြစ်နိုင်သည်ဟု ၎င်းတာဝန်ရှိသူက သုံးသပ်ထားသည်။ mizzima

« Older Entries