စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းတချို့တွင် NVC ကတ် ထုတ်ပေးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ယခုရက်ပိုင်းအတွင်း နိုင်ငံသားစိစစ်မှုသက်သေခံကတ် (National Verification Card – NVC) ထုတ်ပေးနေကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် သံတမန်များ ထိုစခန်းများသို့ သွားရောက်ခဲ့ပြီး နောက်တစ်နေ့ (မတ် ၉) မှစ၍ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ အရာရှိများက ကွင်းဆင်းပြီး ထုတ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

စစ်တွေမြို့မှ ၂ မိုင်ခန့်အကွာရှိ သက်ကေပြင်ဒုက္ခသည်စခန်းသို့ သံတမန်အဖွဲ့ လာရောက်စဉ် လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) လျှောက်ထားခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ထိုစခန်းမှ ရိုဟင်ဂျာများက ပြောသည်။

“ကျွန်တော်တို့ ဒီစခန်းမှာ အိမ်ထောင်စုစာရင်းမရှိတဲ့ အိမ်ထောင်စု ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ တချို့က ပျောက်သွားတယ်။ တချို့က ပဋိပက္ခဖြစ်စဉ်မှာ ပါသွားတယ်။ နောက်ပြီးတော့ မွေးစာရင်း မရှိတော့ (အိမ်ထောင်စုစာရင်း) တင်လို့ မရဘူးဖြစ်နေတယ်။ အဲဒါတွေကို တင်ပြခဲ့ကြတယ်” ဟု ထိုဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

နောက်တစ်နေ့တွင် လဝကအရာရှိများ စခန်းသို့ ရောက်လာပြီး NVC ကတ်များ ထုတ်ပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

“NVC တစ်ခုပဲ လုပ်ပေးပါတယ်။ အိမ်ထောင်စုစာရင်းကိုကျတော့ ရုံးကို သွားပြီးတော့ လုပ်ရမယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

NVC ကတ်ဆိုသည်မှာ မှတ်ပုံတင် (နိုင်) ကတ် လျှောက်ထားနိုင်ရန် ထုတ်ပေးသော နိုင်ငံသားစိစစ်မှုသက်သေခံကတ်မျိုးဖြစ်ပြီး ရိုဟင်ဂျာများကို ၂၀၁၉ ခုနှစ်အတွင်းက တစ်ကြိမ် ထုတ်ပေးခဲ့ဖူးသည်။ 

မတ်လ ဒုတိယပတ်မှစ၍ စစ်ကောင်စီလက်အောက်မှ လဝကဌာနသည် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများအနက် သက်ကေပြင်နှင့် ဘောဒူဘစခန်းတွင် တစ်နေ့လျှင် လူ ၃၀ ခန့်ကို ကတ်ထုတ်ပေးနေသည်။ 

အရေအတွက် မည်မျှထုတ်ပေးမည်ကို မသိရသေးပေ။

ထိုကတ်နှင့် ပတ်သက်ပြီး ရိုဟင်ဂျာအချို့က စိတ်ဝင်စားမှု နည်းပါးကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။ ၂၀၁၉ ခုနှစ်အတွင်း NVC ကတ် ရရန် ကြိုးပမ်းခဲ့ဖူးသည်ဟု သူက ဆိုသည်။ 

“အဲဒီတုန်းကလည်း ဥပမာ နိုင်ငံသားပြုခွင့် တစ်ထောင်လောက် လျှောက်ထားတယ်ဆိုရင်  ၅၀၀ လောက် ရခဲ့ကြတယ်။ ကျန်တဲ့ ၅၀၀ လောက်က ပျောက်သွားတယ်။ ကျွန်တော်ပါ ကိုယ်တိုင်လျှောက်ခဲ့တယ်၊ မရခဲ့ဘူး” ဟု သူက ပြောသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ထိုကတ်အတွက် ငွေကုန်မည်ကို စိုးရိမ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ သဲ‌ချောင်းဘက်ကိုတော့ မရောက်ပါ။ သက်ကေပြင်ဘက်မှာ ထုတ်ပေးနေတာကိုလည်း အတိအကျ စုံစမ်းကြည့်ရဦးမယ်” ဟု သူက ပြောသည်။ 

နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲရှိသော ဒုက္ခသည်စခန်းမှ ထွက်ပြီး ပြည်ပသို့ သွားရောက်လိုသူများ၊ ဒေသတွင်း ရေလုပ်ငန်းကဲ့သို့သော နေရာများတွင် လုပ်ကိုင်လိုသူများက NVC ကတ် ရလိုကြသည်ဟု ဆိုကြသည်။  

 “ဒီ NVC ကတ်ကို လျှောက်တယ်ဆိုတာက မတတ်သာလို့၊ တချို့မိန်းကလေးတွေ အိမ်မှာနေပြီးတော့ ဘဝတိုးတက်တာ မဟုတ်၊ နိုင်ငံခြားပဲ သွားတော့မယ်ဆိုပြီးတော့ NVC ကတ် ယူတယ်။ NVC ယူပြီးတော့ မှတ်ပုံတင်လျှောက်တယ်။ မှတ်ပုံတင်လျှောက်ရင် ဆင့်ကဲဆင့်ကဲ ငွေကုန်တယ်” သဲချောင်းစခန်းမှ လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

“စစ်တွေမှာ မှတ်ပုံတင်လျှောက်တယ်ဆိုရင် နေပြည်တော်တင်ရမယ်ဆိုပြီးတော့ နေပြည်တော်မှာ တစ်နှစ် လောက် ကြာတယ်။ နေပြည်တော်မှာ တင်ထားတာကို ပြန်ကျလာဖို့အတွက် အဲဒီမှာတစ်ခါ ငွေကုန်ရသေးတယ်။ ဒုက္ခကတော့ တခါမှ မပြီးတော့ဘူး။ ဒီလိုဆက်တိုက်သွားနေတာ”

စစ်တွေမြို့အနောက်ဘက် ၂ မိုင်ဝန်းကျင်ခန့်သာဝေးသော သဲချောင်း၊ သက်ကေပြင်၊ ဘောဒူဘ၊ အုန်းတစ်ပင်၊ ရော်ဘာခြံ၊ အုန်းတောကြီး (တောင်) ၊ အုန်းတောကြီး (မြောက်) အပါအဝင် ဒုက္ခသည်စခန်း စုစုပေါင်း ၁၄ ခုတွင် ခန့်မှန်းလူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။ 

စခန်းအတွင်း လှုံနေကြသူများမှာ ၂၀၁၂ ခုနှစ် စစ်တွေမြို့ပဋိပက္ခဖြစ်စဥ်တွင် နေရပ်စွန့်ခွာခဲ့ကြသူများ ဖြစ်သည်။ 

နိုင်ငံသားကတ် လျှောက်ထားရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာနရုံးသို့ သွားလျှင် ရုံးဝန်ထမ်းများက   ပွဲစားနှင့်သာ ဆက်သွယ်လုပ်ကိုင်ရန် လမ်းညွှန်လေ့ရှိသည်ဟု ဆိုသည်။

“လဝက ရုံးကိုသွားရင် လဝက က လုပ်ပေးရမဲ့တာဝန်ရှိတယ်။ သူတို့က ပွဲစားကိုညွှန်တယ်။ ပွဲစားက   ပထမ ပြောတုန်းက လေး၊ ငါးသိန်း ကုန်မယ်ပြောတယ်။ အဲဒီလိုနဲ့ လူကိုလက်ခံလို့ရပြီးတာနဲ့ နောက်ထပ် ငါးသိန်းပေးရမယ်။ အရင်လိုချင်ရင်  ငါးသိန်းပေးရမယ်။ အဲလိုအဲလိုနဲ့ ၁၅ သိန်းကျော် ကုန်တယ်။ ဒီကိစ္စက အခုထိ ပုံမှန်ဖြစ်နေဆဲပါ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အလားတူ မောင်တောခရိုင်တွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများမှာလည်း နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ကတ် ခေါ်  နိုင်ငံသားပြုခွင့်ရ အမျိုးသားမှတ်ပုံတင်ကတ်တို့ ရရှိရန်  ကျပ်သိန်း ၈၀ အထိ အကုန်အကျ ခံနေရသည်ဟု ဆိုကြသည်။

နိုင်ကတ်အတွက် သိန်း ၈၀၊ နိုင်ငံသားစိစစ်မှု သက်သေခံကတ် NVC အတွက် အနည်းဆုံး သိန်း ၂၀ အထိ ပေးနေရသည်ဟု ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့်  Border News Agency (BNA) က မောင်တောမြို့ပေါ်မှ ရိုဟင်ဂျာတစ်ဦးကို ကိုးကားပြီး မတ် ၅ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

ကတ်များ ရရှိရေး ပွဲစားများနှင့် ဆက်သွယ်ပြီး ငွေအကုန်ခံရသည်ဟူသော ပြောဆိုချက်၊ ရေးသားချက် များနှင့် ပတ်သက်ပြီး လဝကဌာန တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရိုဟင်ဂျာ သုံးသိန်းဝန်းကျင်ရှိပြီး အများစုမှာ မည်သည့်ကတ်မှ မကိုင်ဆောင်ဘဲ အနည်းစုမှာ  NVC ကတ် ကိုင်ဆောင်ထားကြသူများဖြစ်ကြသည်။

၂၀၁၇ တွင်လည်း စစ်တပ်က ရွာများကို စီးနင်းတိုက်ခိုက်မီးရှို့ခဲ့ရာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် လအတန်ကြာတွင် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု ပြောဆိုလာသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတကာ အသိအမှတ်ပြုခံရမှု ရရှိလိုသဖြင့် ရိုဟင်ဂျာအရေးကို အသုံးချနေသည်ဟုလည်း ဝေဖန်ခံနေရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s