ဖားကန့်မြို့မှာ စစ်တပ်က အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အရပ်သားပြည်သူ ခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က ဖမ်းဆီးလိုက်တယ်လို့ ဖားကန့်ဒေသခံများက ဆိုသည်။
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာ သောင်းချိုရပ်ကွက်သစ်ရှိ အရပ်သားပြည်သူ ခြောက်ဦးကို မတ်လ ၁၅ ရက်နေ့ မနက်အစောက စစ်ကောင်စီတပ်က နေအိမ်တွင်းသို့ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သတင်းရင်းမြစ်များက ပြောသည်။
ဒေသခံ သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်က အဆိုပါနေအိမ်သို့ ဝင်ရောက်စီးနင်းခြင်းသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိနိုင်သည်ဆိုသည့် သံသယကြောင့် ဝင်ရောက်စီးနင်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
“မိုးလင်းခါနီး ဝင်စီးသွားတာဟုတ်တယ်။ သူတို့ဖမ်းမိထားတဲ့ တော်လှန်ရေးအဖွဲ့နဲ့ပတ်သက်သူတွေရဲ့ နောက်ဆက်တွဲကြောင့် အခုလိုဝင်စီးသွားတာဖြစ်မယ်။ အခု သူတို့ဝင်စီးသွားတဲ့ အိမ်က ကေအိုင်အေတိုက်နယ်မှူးရဲ့ အိမ်လို့လည်း ပြောကြတော့လေ” ဟု သတင်းရင်း မြစ်တစ်ဦးက အခုလို ပြောသည်။
စစ်ကောင်စီတပ်ဝင်စီးခဲ့သည့်နေအိမ်သည် ဖားကန့်အခြေစိုက် ကေအိုင်အေဒုတိုက်နယ်မှူး တန်ဆိုင်း၏ နေအိမ်ဖြစ်တယ်လို့ အခြားသတင်းရင်းမြစ်များက ဆိုကြသော်လည်း ဒုတိုက်နယ်မှူး ဗိုလ်မှူးတန်ဆိုင်းက အဖမ်းခံရခြင်းမရှိဘဲ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ကေအိုင်အေတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
စစ်ကောင်စီတပ်က အဆိုပါ နေအိမ်အတွင်းမှ ကျောက်ပွဲစားများဖြစ်သည့် ကိုနော်လီ၊ ကိုဒွဲဂျာ၊ ကိုလအောင်၊ ကိုဂွမ်ထန်နော်အောင်၊ ကိုဆွတ်လွတ်နော်လတ်နှင့် အခြားအမည်မသိသူ ထမင်းချက်အမျိုးသမီး တစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား ခြောက်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ mizzima အနေဖြင့် အဆိုပါ အရပ်သားပြည်သူများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။mizzima