ရေဖြူမြို့တွင် ပေါက်ကွဲမှုဖြစ်ပြီး လ.ဝ.က မြို့နယ်ဦးစီးမှူးရုံး မီးလောင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့မှာ မတ် ၁၅ ရက် ည ၇ နာရီခွဲက ပေါက်ကွဲသံ တချက် ထွက်ပေါ်ပြီးနောက် ရေဖြူမြို့၊ ထားဝယ်မြစ်အရှေ့ဘက်ကမ်း၊ ဂ ရပ်ကွက်၊ နဝဒေးလမ်းမှာရှိတဲ့ လ.ဝ.က မြို့နယ်ဦးစီးမှူးရုံး မီးလောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဖြူမြို့ အနောက်ဘက်ကမ်းနေ မြို့ခံတဦးက “ပေါက်ကွဲသံတချက်ကြားပြီး မီးစလောင်တယ်။ မီးလောင်ပြီး မကြာဘူး၊ စစ်ကားတွေ မြို့ပတ်လာတယ်၊ မီးသတ်တွေလည်း ရောက်လာတယ်။ မီးက တနာရီကျော်ကျော် ကြာပြီးမှ ငြိမ်းသွားတာ။ ရုံးက သီးသန့်ဖြစ်နေတော့ ရုံးတရုံးတည်း လောင်သွားတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ဆုံးရှုံးမှုပမာဏကို အသေးစိတ် အတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေတဲ့ မီးလောင်မှုရုပ်သံဖိုင်တွေနဲ့ မြိုခံတွေရဲ့ ပြောကြားချက်အရ လ.ဝ.ကရုံးရဲ့ အ ဆောက်အဦအတွင်းပိုင်းတခုလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ထားဝယ်မြစ်အနောက်ဘက်ကမ်းမှ ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ ည ၈ နာရီခွဲမှာ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။

အခုမီးလောင်မှုဖြစ်တဲ့ ရေဖြူမြို့နယ် လ.ဝ.က ဦးစီးမှူးရုံးဟာ ပြီးခဲ့တဲ့နှစ် မေ ၁၇ ရက်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

၂၀၂၂ ဇူလိုင် ၁၃ ရက်ကလည်း ရေဖြူမြို့၊ နဝဒေးလမ်းထဲမှာတည်ရှိတဲ့ စရဖရုံးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ရေဖြူမြို့၊ ဂ ရပ်ကွက်၊ နဝဒေးလမ်းမှာ လဝကရုံး၊ စည်ပင်ရုံး၊ စရဖရုံး၊ သတင်းတပ်ဖွဲ့ရုံး စတဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေ တည်ရှိပါတယ်။

အခုနှစ် ဇန်နဝါရီလကလည်း ရေဖြူမြို့နယ် ဝန်ထမ်းအိမ်ရာက စစ်ကောင်စီလက်အောက်ခံ ပညာရေးမှူးနေအိမ် မီးပုလင်းနဲ့ပစ်ခံရကာ ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်ကိုလည်း ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s